Scroll down for Zawgyi font
{ ကောက်ညှင်းထုပ်က အရသာကောင်းလား ? }
" မင်္ဂလာပါ ဆရာမ ကျေးဇူးတင်ပါတယ် ဆရာမ "
(၁၂ ) နာရီကျောင်းဆင်းချိန်ကို ရောက်လာသောအခါတွင် ကျောင်းသားကျောင်းသူများက အိမ်ပြန်ရန်ပြင်ဆင်နေကြသည်။ နေ့လယ်ထမင်းစားချိန်ရောက်နေပြီဖြစ်တာကြောင့် ကျောင်းသားကျောင်းသူတွေက ညနေ ညကျောင်းကို တန်းသွားပြီး နေ့လယ်စာစားသူများလည်း ရှိသကဲ့သို့ အိမ်ပြန်ကာ နေ့လယ်စာ စားကြသူများလည်း ရှိကြသည်။ ကျောပိုးအိတ်အနီရောင်ကို ကျောမှာ လွယ်လိုက်ရင်း ဥဒေါင်းညိုက မြတ်သျှင်မောင်ကို ကြည့်လိုက်သည်။ ဝတုတ်လေးက သူထင်ထားတာထက်ကို ပိုလျင်မြန်စွာ ကြက်ဥမရွေးကို ကိုက်ဝါးကာ စာအုပ်သိမ်းနေသည်။ ဥဒေါင်းညိုက ပြတင်းပေါက်အပြင်ဖက်ကို ကြည့်လိုက်သည်။ ကောင်းကင်မှာ မိုးတွေမည်းမှောင်နေပြီးတော့ လေပြင်းတွေတိုက်ခတ်နေသည်။ မိုးဦးကျချိန်မို့လို့ မုန်တိုင်းတွေ မကြာခဏဖြစ်တတ်သည်။ လျှပ်စီးတွေ တဖြတ်ဖြတ်လက်နေပြီးတော့ မိုးပင်မရွာသေး မီးက ဖြတ်ခနဲ ပြတ်သွားလေသည်။
" ငါက မီးပြတ်မှ ပြတ်ပါမလားစိုးရိမ်နေသေးတာ " မြတ်သျှင်မောင်က ပြောလိုက်သည်။
" မိုးတောင် မရွာသေးဘူး ၊ ဆိုးလိုက်တာ၊ ညနေပိုင်းကလေးတွေ မီးမရှိဘဲ မှောင်မည်းမည်းကြီးနဲ့ သင်နေရတော့မှာပဲ " ဥဒေါင်းညိုက မကျေမနပ်ပြောလိုက်သည်။ပြီးနောက် သူက မိုးမရွာခင် ပြတင်းပေါက်တွေကို ပိတ်ရန်လှမ်းလိုက်သည်။
" မနေ့က သတင်းစာမှာ မိုးရွာနေတုန်း ဓာတ်ကြိုးပြတ်ကျတာ ရေထဲကို လျှပ်ကူးပြီးတော့ ကလေးတစ်ယောက် ဓာတ်လိုက်ပြီးတော့ ဆုံးသွားတယ်တဲ့။ အဲတာကြောင့် EPC က စိုးရိမ်လို့ မီးဖြတ်ပေးတာနေမှာပေါ့ "
" မင်းက အကောင်းမြင်လွန်းနေပြီ ၊ မိုးရွာတာနဲ့ မီးပြတ်တာက ဘာမှမဆိုင်တဲ့ ကိစ္စကြီးလေ "
" မီးမရတဲ့နေရာက လူတွေနဲ့စာရင် ဒီနေရာက ကောင်းလွန်းပါပြီ " မြတ်သျှင်မောင်က ဥဒေါင်းညိုကို ပြန်ဖြေရင်း သူ၏ဗိုက်ပူကလေးကို မိုးမစိုစေရန်မိုးကာအင်္ကျီကို ဝတ်လိုက်ပြီးတော့ ပုဆိုးကို ချွတ်ကာ လွယ်အိတ်ထဲကို ထည့်လိုက်သည်။ပြီးတော့ လိပ်ထားသော ထီးရှည်ကို ဖွင့်လိုက်သည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction