Unicode
သီတင်းကျွတ်လ၏ လဆန်းလေးက ကောင်းကင်ပေါ်တွင် " င" ကလေးလို ငွားငွားစွင့်စွင့် ချစ်စဖွယ်အတိဖြစ်လေသည်။ မိုးပြေးကလေးတစ်ဖြတ် ပြေးသွားတာကြောင့် လမ်းမပေါ်မှ အပူငွေ့များက ထွက်ပေါ်နေလေသည်။ ကျန်ရှိနေသော ရေအိုင်ငယ်များကလည်း ပေတစ်ရာလမ်းမကြီးပေါ်တွင် ကွက်ကျားကွက်ကျား ။ လစန္ဒာသည် လောကမြေမဟီပေါ်က လှမ်းမျှော်ကြည့်လိုက်ရင် အလှမ်းကွာဝေးလှတာကြောင့် နီးစပ်ရန်မဖြစ်နိုင်သော်လည်း သူ၏ ဆန်းသစ်စလကလေးကတော့ သူ့ရှေ့မှာပင် ရှိနေလေသည်။ ပုတိုတိုခြေထောက်များက ကတ္တရာလမ်းမပေါ်တွင် ခုန်ပေါက်နေပြီးတော့ ကျောပိုးအိတ်ကို လွတ်ထွက်သွားမည်ကို စိုးနေသည့်အလား အိတ်ကြိုးကို တင်းတင်းကိုင်ကာ ရှေ့က လျှောက်နေလေသည် ။
ဥဒေါင်းညိုသည် မြတ်သျှင်မောင်၏ နောက်ကနေ ထပ်ချပ်မကွာ လိုက်လာခဲ့သည်။ စကားတော့ မပြောဖြစ်ကြပေ။ ပုံမှန်ညတွေဆိုလျှင် ဥဒေါင်းညိုက လမ်းတစ်လျှောက်လုံး မြတ်သျှင်မောင်ကို စနောက်နေတတ်သော်လည်း တားဆီးထားတဲ့ စည်းလေးကို ကျော်လိုက်ပြီးတဲ့နောက် သူတို့က ရှက်ရွံနေကြလေသည်။ မြတ်သျှင်မောင်က မနက်မှ ကိစ္စများသည် ခေါင်းထဲကို မဖိတ်ခေါ်ဘဲ ရောက်လာသောအခါတွင် သူ၏မျက်နှာက ပူလောင်လာရပြန်သည်။
ဥဒေါင်းညိုလည်း မြတ်သျှင်မောင်ထက် မလျော့သော ခံစားချက်များဖြင့် တိတ်ဆိတ်နေမိသည်။ သူက မြတ်သျှင်မောင်ထံက မည်သို့သော အဖြေမျိုးရလာမည်ကို မသိသေးသော မျှော်လင့်ချက်ဖြင့် နေနေရသည်မဟုတ်ပေလော။
တိတ်ဆိတ်နေသော နှစ်ဦးသားကြားအခြေအနေက ပူနွေးနေပြီးတော့ တစ်ခုသော အသံကသာ ဆူညံနေလေသည်။
ထိုအသံကို ရင်ခုန်သံဟု ခေါ်တာများလား ?
..............
အိမ်သို့ရောက်သောအခါတွင် ......
" ငါ ဒီနေ့ ဧည်သည်အခန်းမှာ သွားအိပ်လိုက်မယ် " မြတ်သျှင်မောင်က ဥဒေါင်းညိုအခန်းထဲသို့ မဝင်တော့ဘဲ အပေါက်ဝတွင် ရပ်ကာ ပြောလေသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction