အပိုင်း(၇)ဘာလို့ ဝက်တစ်ကောင် မဖြစ်ရမှာလဲ ?

484 47 0
                                    

Scroll down for Zawgyi font

《 ဘာလို့ ဝက်တစ်ကောင် မဖြစ်မှာလဲ ? 》

တီး တောင်

   မနက် ၁၀ နာရီသို့ ရောက်သောအခါတွင် နာရီစင်သံကနေ အချက်ပေးသံထွက်လာပြီးတော့ စာကြည့်တိုက်က အပ်ကျသံပင် ကြားရလောက်အောင် တိတဆိတ်သွားလေသည်။ သတ်မှတ်ထားသော ခုံတွင် အသီးသီးထိုင်နေကြသော ပြိုင်ပွဲဝင်ကျောင်းသားတို့သည် မိမိတို့ရှေ့တွင် ရှိနေကြသော စာရွက်ပေါ်တွင်  စတင်ရေးဆွဲကြတော့သည်။ ယနေ့တွင် နေသာနေတာကြောင့် အခန်းထဲတွင် နေရောင်ဖျော့တော့တော့လေးကျနေပုံက လှပသော ပန်းချီကားလေးတွေ ပေါ်ပေါက်လာစေဖို့ လုံလောက်သော အကြောင်းအရင်းတစ်ရပ်‌ဖြစ်စေဖို့အထောက်အကူအပြုနေလေသည်။

  အင်္ကျီကို တံတောင်အထိ ခေါက်တင်ထားသော ဥဒေါင်းညိုသည် ခဲတံကို ကိုင်လိုက်ပြီးတော့ သူက စတင်ဆွဲတော့သည်။ သဘာဝကြီးပျက်ဆီးနေပုံကို ဖော်ပြရန် သူသည် တောင်ကတုံးတစ်ခုကို ဆွဲထားပြီးတော့ တောင်ပတ်လည်တွင် မိုးထိတိုင် မြင့်မားနေသော တိုက်တာအဆောက်အအုံတွေရှိပြီး တစ်ချို့တစ်ဝက်က ပူပြင်းသော နေရောင်ကြောင့် အရည်ပျော်ကျနေလေသည်။ တောင်ကတုံးထိပ်တွင် ခုတ်ထစ်ခံထားရသော အပင်များစွာ ရှိနေပြီးတော့ အလယ်တွင် အပင်ငယ်လေးက ရှင်သန်နေသည်။ သေးငယ်နေသော အပင်လေးဘေးတွင် လူငယ်လေးတစ်ယောက်က ရေပုံးသေးသေးလေးနှင့် ရေလောင်းနေပြီးတော့ ဘေးပတ်ပတ်လည်တွင် များမြောင်သော လက်တို့က Chainsaw ၊ လွှ ၊ ဓား၊ ပိုးသတ်ဆေးတို့ကို ကိုင်ထားပြီးတော့ လူသားတွေက အပင်ငယ်လေးကို သတ်ဖြတ်ရန် အကြံအစည်ရှိနေပုံကို သရုပ်ဖော်ထားသည်။

   ပုံလေးက ရိုးရှင်းကာ နံရံကပ်လက်ကမ်းစာစောင်အနေဖြင့် ထုတ်ဝေမည်ဆိုပါကလည်း နားလည်သဘောပေါက်လွယ်သည်။ ဥဒေါင်းညိုက အရောင်မခြယ်ခင်တွင် သူက သူဆွဲထားသော ပုံကို ထပ်ခါထပ်ခါကြည့်နေခဲ့ပြီးတော့ သူက အိတ်ထောင့်ထဲက သကြားလုံးခွံ၏ ဖိကြေသွားသောအသံကို ကြားလိုက်ရသည်။ သူက သကြားလုံးခွံကို ကြည့်ရင်း ပြုံးလိုက်သည်။

ဝက်ကလေးကတော့ တကယ်ကို ဝက်ကလေးပဲ။

သူက သူဆွဲထားသော ပုံကို တစ်လှည့် သကြားလုံးကို တစ်လှည့် ကြည့်နေခဲ့ပြီးနောက် ခဲဖျက်ကို သုံးကာ ရေလောင်းနေသော လူငယ်လေးနေရာတွင် ဝက်ကလေးတစ်ကောင်ပုံကို ဆွဲလိုက်သည်။ ဝက်ကလေးက သူ၏အပင်လေးကို အလွန်ဂရုစိုက်တာကြောင့် ပုံတစ်ခုလုံးကို ခြုံငုံကြည့်လိုက်သောအခါတွင် ပို၍ပင် သနားချင့်စဖွယ်ကောင်းနေလေသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Donde viven las historias. Descúbrelo ahora