မြတ်သျှင်မောင်၏ရုတ်တရက်ဆန်ဆန်အပြုအမူကြောင့် အားလုံးက လန့်သွားလေသည်။ ဥဒေါင်းညိုကိုယ်တိုင်ကလည်း ကြောင်တောင်တောင်လေး ဖြစ်နေလေသည်။ သူဘာများအမှားလုပ်မိလို့လဲ တွေးမရတော့ချေ။ နောက်က ရပ်နေသော မင်းခန့်နဲ့ ရန်ပိုင်ကို မျက်လုံးဖြင့် မေးကြည့်တော့လည်း ခေါင်းခါပြသည်။
" ဟေ့ကောင် မင်းဘာလို့ အတန်းခေါင်းဆောင်ကို ထိုးတာလဲ ! "
ဉာဏ်လင်းအောင်က မေးသောအခါတွင်လည်း မြတ်သျှင်မောင်က မဖြေပေ။ သူက ဥဒေါင်းညိုက စိမ်းစိမ်းကားကားကြည့်နေပြီးတော့ " မင်းလိုကောင်နဲ့ မခင်တော့ဘူး။ မင်း မကောင်းတဲ့ကောင် " ဟု ပြောကာ ထွက်သွားလေသည်။
ဥဒေါင်းညိုအပါအဝင်ကျန်သော သူများက ထွက်သွားသော မြတ်သျှင်မောင်ကို နားမလည်နိုင်စွာကြည့်နေလေသည်။
" မင်းနဲ့သူက စကားပြောလို့လား ? " ဉာဏ်လင်းအောင်က မေးပြန်လေရာ ဥဒေါင်းညိုက ခေါင်းခါပြလိုက်သည်။ သေချာပေါက် သူ မသိတဲ့ ကိစ္စတစ်ခုခုဖြစ်နေပြန်ပြီလေ။
ထိုနေ့ညနေက ဥဒေါင်းညိုက မြတ်သျှင်မောင်ကို ညကျောင်းမှာ စကားပြောဖို့ ကြိုးစားသော်လည်း မြတ်သျှင်မောင်က အပြောမခံပေ။ ဥဒေါင်းညို ပေကပ်ကပ်လုပ်နေသော မြတ်သျှင်မောင်ကို ဖျစ်ညစ်ပစ်ချင်စိတ်ကို သည်းခံထားရသည်။
မြတ်သျှင်မောင်သည် ရေချိုးခန်းတွင် ဆောင့်ကြောင့်ထိုင်ကာ သူ၏ ကျောင်းဝတ်စုံကို လျှော်နေလေသည်။ ဆောင့်ကြောင့်ထိုင်နေတာကြောင့် ဝကစ်ကစ်ခန္ဓာကိုယ်လေးက ဘောလုံးလေးလို လုံးလုံးလေးဖြစ်နေလေသည်။ နောက်ကျောခိုင်းထိုင်နေတာကြောင့် ဂုတ်သားဝင်းဝင်းလေးက ပေါ်နေလေသည်။ စိတ်ဆိုးနေလား စိတ်ကောက်နေတာလားမသေချာတာကြောင့် နီးနီးလေးလည်း မသွားရဲပေ။
" မြတ်သျှင်မောင် ငါ့ကိုတစ်ခုခုစိတ်ဆိုးနေတာ ရှိလား ?ဒီတိုင်းနေနေတာက အလုပ်ဖြစ်စေမှာ မဟုတ်ဘူးနော် "
မြတ်သျှင်မောင်က လျစ်လျူရှုထားဆဲဖြစ်ပြီးတော့ ကျောင်းဝတ်စုံကိုသာ ဘရပ်ရှ်နဲ့ အကြမ်းပတမ်းတိုက်နေလေသည်။ ညနေရေချိုးချိန်ဖြစ်တာကြောင့် တခြားသောကျောင်းသားများကလည်း လာနေကြလေသည်။ မြတ်သျှင်မောင်က ရေချိုးခန်းထဲမှာ အဝတ်လျှော်နေတာကို ဥဒေါင်းညိုက တံခါးကို မှီကာ ရပ်ကြည့်နေရလေသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction