အပိုင်း (၃၆) You are the apple of my eye

307 31 5
                                    

" မင်း မောင်ခွေးဖို့ ကဗျာများ ( မင်းသုဝဏ်) ကို ငယ်ငယ်က ဖတ်ဖူးတယ်မလား ? အဲထဲက ဖြစ်ရလေ ကဗျာကို မှတ်မိလား ? မောင်ကြီးနှမ ခိုင်သဇင် ဘယ်ဆီများလဲဟင် ၊ ခေါင်းမှာရွက်လို့ ရေအိုးတင် ရေခပ်သွားမယ်ရှင် ၊ ဒုတိယအပိုဒ်ကို ဆက်ဆိုကြည့် "

မင်းကြီးလမ်းမပေါ်တွင် ဆတ်ကော့ဆတ်ကော့လျှောက်နေသော ဥဒေါင်းညိုက မျက်နှာစူပုတ်ပုတ်နဲ့ နောက်ပြန်လှည့်ကြည့်လာသည်။ ဘုရားကျောင်းကတည်းက ကောက်နေတဲ့ ဥဒေါင်းညိုက ပြန်လာသည်အထိ ကောက်နေဆဲဖြစ်သည်။ ည ၈ နာရီပင်ထိုးတော့မည်ဖြစ်တာကြောင့် နှစ်ယောက်စလုံးက ညကျောင်းကို မပြန်တော့ဘဲ ဥဒေါင်းညိုအိမ်ကိုသာ ပြန်အိပ်ပြီး မနက်စောစောမှ ပြန်မည်တွေးထားသည်။

ည ၈ နာရီဆိုတော့ ကားတွေက သိပ်တော့ မများတော့ပေ။ ဝါကြင့်ကြင့် လမ်းမီးရောင်အောက် လမ်းလျှောက်ပြန်ရတာကလည်း မြို့ပြဘဝရဲ့ အလှတစ်ခုဖြစ်ပေလိမ့်မည်။ ဆောင်းဝင်ခါနီးပြီ ဖြစ်တာကြောင့် တိုက်ခတ်လာတဲ့ လေက ချမ်းစိမ့်စိမ့်ဖြစ်နေလေသည်။ လမ်းဘေးဈေးဆိုင်တစ်ချို့က ပိတ်သိမ်းခါနီးပြီဖြစ်သလို အပြန်နောက်ကျသော သူများက ဘတ်စ်ကားစောင့်နေသည်လည်း တွေ့ရလေသည်။

" ဆက်ဆိုပါဆို " မြတ်သျှင်မောင်က နောက်တစ်ကြိမ်ထပ်ပြောတော့ ရှေ့က ဆူပုတ်ပြီး သွားနေတဲ့ ဥဒေါင်းညိုက မဆိုချင် ဆိုချင်နဲ့ ဆက်ဆိုရလေသည်၊

" ရေအိုးထမ်းလို့ လိုက်ခဲ့ချင်၊ လိုက်ရမလားဟင် ။
မောင်ကြီး သဘောအတိုင်းပင် လိုက်ချင်လိုက်ပေါ့ရှင် ။
မောင်ကြီးမေတ္တာ ပန်းကိုဆင် လက်ထပ်မလားဟင်။ " ဥဒေါင်းညိုက ထိုကဗျာစာကြောင်းကို ဆိုပြီးတာနဲ့ သူက မြတ်သျှင်မောင်ကို ဆက်ဆို ဆိုသည့်သဘောဖြင့် မေးဆတ်ပြလေသည်။

" မင်းကို ဆိုခိုင်းတာလေ ၊ ကဗျာတစ်ပုဒ်လုံးတောင် မရဘူးလား ၊ မင်း မူလတန်းကို ဘယ်လိုအောင်လာတာလဲ ? "မြတ်သျှင်မောင်က ကွေ့ပတ်ကာ ပြောနေလေသည်။

ဥဒေါင်းညိုက ပလက်ဖောင်းပေါ်ကို ထိုင်ချလိုက်ပြီး ဂျစ်ကန်ကန်လုပ်နေပြန်သည်။

"မင်းပဲ ငါ့ကို လာဆိုခိုင်းပြီးတော့ ၊ နောက်ဆုံးကဗျာစာကြောင်းကို မဆိုရင် ငါဒီနေရာ မထဘူး "

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now