ပျိုး
အပိုင်း (၅၄)
#ပျိုး
111802323
“တ…တကယ်လား..မေကြီး..ဘယ်…ဘယ်သူနဲ့လဲ…”
“မေကြီး မွေးစားသား အောင်ထွန်းနဲ့…”
“ဟယ်..ဦးထွန်းထွန်းနဲ့ပေါ့…”
မေလေးမှာ လုံးဝ မထင်ထားလို့ ဖုန်းပြောရင်း မျက်လုံး ပြူးသွားပေမဲ့ မေကြီးက ရယ်နေသည်။
“အဟင်း..ဟုတ်တယ်…ဒီတိုင်းလည်း မေကြီးက အလုပ်တော်တော်များများ ကို သူတို့နှစ်ယောက်နဲ့ပဲ လွဲထားရတာပဲလေ…”
မေကြီး ရုတ်တရက်ကြီး စီစဉ်တာကို မေလေးမှာ အတော်လေး အံသြနေရသည့် အခြေအနေပါ..။
ဦးထွန်းထွန်းကလည်း အိမ်မှာ ငယ်ငယ်ကတည်းက နေတာ ဆိုပေမဲ့ အန်တီကျော့က ဘယ်ယောက်ျားမှ စိတ်ဝင်စားတာ မဟုတ်ဘူး..။
သူမယူချင်ပါဘူးလို့ ပြောထားတာ မေလေးတို့လည်း ကြားပြီးသားမို့ သနားနေမိသည်။
“အန်တီကျော့ က လက်ခံရဲ့လား မေကြီးရယ်…”
မေလေး မှာ အန်တီကျော့ကို ကိုယ့်အမေနဲ့မခြား သံယောဇဉ် ရှိတော့ စိတ်ပူမိပါသည်။
“ကျော့ ကတော့ ငြင်းတာပေါ့..ဒါပေမဲ့ သူ့ကို စိတ်မချဘူးလေ….ညီမဆိုတာထက် ကိုယ့်သမီးလေးလို မွေးထားတာဆိုတော့ အသိုင်းအဝိုင်းကြီးတွေနဲ့ဆိုရင်လည်း ကိုယ့်ညီမ အကြောင်း ကိုယ် အသိဆုံးလေ…အဟင်း..ကျော့က စိတ်ထားကောင်းပေမဲ့ အပြောကျ ဆိုးတယ်…အလိုလိုက်ထားတော့ နည်းနည်းလည်း ဆိုးချင်သေးတယ်…အသက်ကလေးကလည်း ရလာပြီဆိုတော့ အားနည်းချက်လို အနှိမ်ခံရမှာလည်း စိုးရတယ်လေ…အဲတော့ အဆင်ပြေမဲ့လူ သူ့ဒဏ်ခံနိုင်မဲ့လူကတော့ သူနဲ့ပဲ အမြဲအလုပ်လုပ်နေရတဲ့ အောင်ထွန်းပဲ တွေ့တော့တယ်…”
“ဦးထွန်းထွန်းဘက်ကကော…”
“သူက မေကြီး မွေးစားသားဆိုလည်း မမှားဘူးလေ….မြတ်တို့ငယ်ငယ်ကတည်းက အိမ်မှာနေလာတာပဲ….အခုဆို မေကြီးနဲ့ ကျော့က အရောင်းအ၀ယ်ကိစ္စလောက်ပဲ လုပ်တော့တာ…ယောက်ျားပေါင်းစုံနဲ့ ပြောဆိုရတဲ့ ကား လုပ်ငန်းပိုင်းတွေကို သူပဲ ဦးစီးလုပ်နေတာ…အများကြီး အားကိုးရတော့ သူ့ကိုလည်း လက်မလွှတ်ချင်ဘူး… ကျောင်းတက်တဲ့ အရွယ်ကတည်းက တစ်ကောင်ကြွက် ရောက်လာပြီး အပြီးမွေးစားထားသလို ဖြစ်နေတာ ဆိုတော့ သူ့အကြောင်း သူ့စိတ် အကုန်သိပြီးသားလေ…သူက သစ္စာသိတဲ့ လူစားမျိုးပါ…မေကြီးတို့ ကျေးဇူးတွေကို ထောက်ထားပြီး အိမ်မှာပဲ တစ်သက်လုံး အလုပ်ကူရင်း နေမယ်ဆိုရင်တောင် သူအိမ်ထောင်ကျသွားတဲ့အခါ သူစိမ်းဖြစ်သွားမှာပဲလေ…ဒီကလေးက အရည်အချင်းရှိတယ်…ယုံရတယ်..သစ္စာရှိတယ်..မက်မောမှု ကင်းတယ်…သူ့ကြောင့် ကျော့ဘ၀မှာ ဒုက္ခမရောက်နိုင်ဘူး ဆိုတာ သိနေတော့ မေကြီးပဲ ကမ်းလှမ်းလိုက်တာပါ…သူကတော့ “မကျော့ သဘောထားကို မေးပါဦး”တဲ့လေ…သူ့အစ်မကို ကြောက်ရရှာတာကိုး…”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...