Chapter 1
ရှင်းဟိုင်စစ်ရေးတက္ကသိုလ်မှာ မြို့တော်၏အချက်အချာကျသောနေရာတွင်တည်ရှိလေသည်။ ၄င်းတက္ကသိုလ်၏လှပလွန်းသောရှုမျှော်ခင်းများကြောင့် သရဖူထဲမှ ပတ္တမြားဟုပင်တင်စားရသည်။
တက္ကသိုလ်၀င်းထဲမှ ကော်ဖီဆိုင်လေးထဲတွင် နွေဦးရာသီ၏နေရောင်ခြည်လေးကခပ်ဖျော့ဖျော့တောက်ပလျက် ပြတင်းပေါက်အနီးတွင်ထိုင်နေသော ဆယ်ကျော်သက်လေးထံဖြာကျနေခဲ့သည်။
ကောင်လေးမှာ ရိုးရှင်းသော ဆွယ်တာအဖြူကိုသာ၀တ်ဆင်ထားပြီး သူ၏ပုံစံကိုကြည့်လိုက်သည်နှင် အိုမီဂါတစ်ဦးမှန်းသိသာလှသည်။ သူ၏လက်ကလေးများနှင့်ခြေချောင်းလေးများမှာသွယ်လျသည်။အသားအရည်လေးမှာနူးညံ့ကာဖြူဖွေးလျက် သူ၏မျက်နှာအစိတ်အပိုင်းလေးများမှာလည်းပန်းချီကားထဲမှခုန်ထွက်လာသည့်နှယ်၊ နူးညံ့ပြီးနက်မှောင်သောဆံစများအောက်တွင် မျက်လုံးလေးများက ကြည်လင်လျက်။ ကော်ဖီဆိုင်ထဲမှ အယ်လ်ဖာများမှာ စစ်တက္ကသိုလ်၀န်းထဲတွင် အိုမီဂါမပြောနှင့် ဤမျှလှပလွန်းသော အိုမီဂါဆိုလျှင်မြင်ကိုမမြင်ဖူးချေ။
ပါတ်၀န်းကျင်မှာအကြည့်တို့က ယွမ်ရှင်းကျဲထံကျရောက်နေစဥ်တွင် သူကိုယ်တိုင်ကတော့ တစ်ခုခုကိုတွေးတောနေသည့်ဟန်ဖြင့် ပြတင်းပေါက်အပြင်ဘက်သို့သာ ငေးကြည့်နေခဲ့သည်။
"သူဘာကိုကြည့်နေတယ်လို့ထင်လဲ"
"ငါ့အထင်တော့ အယ်လ်ဖာတစ်ယောက်ယောက်ကိုများလား"
"ငါတို့တက္ကသိုလ်က အယ်လ်ဖာတွေတော်တော်များများက သောက်ရမ်းချောကြတာလေ"
"အမှန်ပဲ ဟားဟား"
အယ်လ်ဖာတချို့ တီးတိုးဆိုနေကြသည်။
ယွမ်ရှင်းကျဲ၏အမြင်အာရုံအား အေ၀းရှိ မက်ခါလေ့ကျင့်ရေးခန်းမက ဖမ်းစားထားသည်ဟု မည်သူမျှမတွေးနိုင်ချေ။ အဆိုပါလေ့ကျင့်ရေးခန်းမမှာ အဖြူရောင်ပန်းကန်လုံးပုံသဏ္ဍာန်ရှိပြီး ၄င်း၏မျက်နှာပြင်တွင် ခမ်းနားသောအနက်ရောင် မက်ခါတစ်စီး၏ ပုံက ၃၆၀ဒီဂရီလည်ပါတ်နေဟန်ဖြင့် ပြသထားခဲ့သည်။