မနက်ခင်းကိုဆူညံနေတာမျိုး မကြိုက်ဘူး။ မျက်စိရှေ့မှာလူတွေရှုပ်ရှက်ခတ်နေတာမျိုးဆိုလည်း သိပ်မနှစ်ခြိုက်လှဘူး။ သို့ပေမဲ့'လက်ဖက်ရည်ဆိုင်'က ချွင်းချက်ဖြစ်မယ်။
ပွက်လောရိုက်နေတာကိုက သူ့အနှစ်ပဲ။
ကိုယ်တိုင်က အဲဒီလိုခံယူထားလို့ ဒီလိုထင်နေတာလည်း ဖြစ်နိုင်ပါတယ်။မနက်အိပ်မှုန်စုံမွှားနဲ့ထလာရရင် ဆိုင်ကဆူညံသံနဲ့မှ လူက နိုးနိုးကြားကြားရှိသွားတယ်။ စားပွဲထိုးကလည်း ဆူနေအောင်အော်တယ်။ ဆိုင်ရှင်ကလည်း ပွက်နေအောင် စာရင်းအော်စစ်တယ်။ သူများဝမ်းဖြည့်ရင်း ကိုယ့်ဝမ်းစာရှာနိုင်ဖို့အရေး ရေနွေးအိုးတွေနဲ့အပြိုင် ဆူကြ၊ ပွက်ကြ။ ဖွင့်ထားတဲ့တရားခွေဟာ ပန်းကန်ခွက်ယောက်သံတွေကြားမှာ ခပ်သဲ့သဲ့ရယ်။ အဲ့သလောက်လှုပ်ရှားနေကြတဲ့ကြားမှာ မင်းဘာမှမမှာဖြစ်သေးရင်တောင် 'ဘာစားမလဲ၊ ဘာသောက်မလဲ'ဆိုတဲ့ စားပွဲထိုးရဲ့အသံက ဝိုင်းအနားကို လေအလျင်နဲ့ရောက်လာမှာ။
သင်္ဘောဆေးအဖတ်တွေ ခပ်ပါးပါးချင်းလိပ်ပြီးကွာနေတဲ့ သစ်သားစားပွဲတွေရှိမယ်။ အဲဒီမှာ ဆီနည်းနည်းကွက်နေလို့ဆိုပြီး စားပွဲထိုးတယောက်က လက်သုတ်ပဝါအကွက်ကိုကိုင်ပြီး တချက်လောက်ပွတ်ဆွဲသုတ်ပေးသွားလိမ့်မယ်။
မှာထားတဲ့ ပဲအီကြာမရောက်သေးမချင်း စားပွဲပေါ်က 'အင်အား'ဂျာနယ်ကိုဆွဲယူဖတ်ရုံပဲ။ လာမယ့် စနေ၊ တနင်္ဂနွေညမှာ ကိုယ်အားပေးတဲ့တသင်းနိုင်ရင် သူငယ်ချင်းနဲ့ လောင်းကြေးထပ်ထားတဲ့လက်ဖက်ရည်တခွက်သောက်ရမယ်။ လက်ထဲက နှစ်ရာ့ငါးဆယ်ကို မြကျီးသာဆေးပေါ့လိပ်ဝယ်ပြီး အေးအေးဆေးဆေး ထိုင်ဖွာနေလို့ ရတာပေါ့။ ဂျာနယ်တွေအချိန်မီရောက်မလာလည်း ထပ်ပြီး အေးအေးဆေးဆေးပါပဲ။ ပြိုင်ဘက်အသင်းနာမည်ကို ဗွီဒီယိုရုံပိုင်က ကျောက်သင်ပုန်းပေါ်မှာ ရေဆွတ်ထားတဲ့ရောင်စုံမြေဖြူသုံးပြီး အလှလက်ရေးစာလုံးတွေနဲ့ ရေးပေးထားလိမ့်မယ်။ ဘယ်အသင်းနဲ့ဘယ်အသင်းကစားမယ်ဆိုတာ သူ ဘယ်ကကြိုပြီးသိသိ၊ အဲဒါက ငါတို့ကိစ္စတော့ မဟုတ်လှဘူး။
အချိုခြောက်စိမ်ထားတဲ့ရေနွေးအိုးက တအိုး၊
အဖန်ရည်အပြည့်နဲ့ တအိုး၊ ရေနွေးဖြူချည့်ပဲ တအိုးနဲ့ သံဖြူ-အင်္ဂတေစပ်မီးဖိုပေါ်မှာ ထင်းမီးခိုးမှိုင်းတွေဖုံးနေတဲ့ ဒန်ရေနွေးအိုးတွေက အခန့်သားနေရာယူထားတယ်။ ဖတ်ဖူးတဲ့စာထဲကလိုမျိုးပေါ့။ လူတယောက်က သူ့သမီးကိုဆုံးမဖို့ ရေနွေးပူပူထဲ မုန်လာဥ၊ ကြက်ဥနဲ့ လက်ဖက်ခြောက်ကို တလှည့်စီ ပစ်ထည့်ပြရင်း လောကဓံတရားကို လူတွေဘယ်လိုတုံ့ပြန်မှုပေးကြသလဲဆိုတာ။ ကိုယ်တိုင်လည်း ရောယောင်ပြီးထပ်တွေးမိတယ်။ ဘယ်လိုပဲနေခဲ့နေခဲ့ အသေအေးအောင် အသေမြတ်အောင် သေရတာစိတ်ချမ်းသာအောင် ဘာလုပ်သွားရမလဲဆိုတာကိုတော့ ကိုယ်တို့ တက်ကျမ်းတွေထဲမှာ ရှာလို့တွေ့မှာမဟုတ်ဘူး။ ကိုယ်တို့တွေအကုန်လုံးက အဆုံးသတ်ကိုမေ့ထားကြပုံပေါ်ပါတယ်။ တွေးတတ်ရင် ဖျော်ဆရာရဲ့လက်ထဲကဖန်ရည်အိုးမှာလည်း အသိတရားတွေ။ မတွေးချင်ရင်တော့ ဒီတိုင်းတရှဲရှဲနဲ့ တဗွမ်းဗွမ်းပဲပေါ့။ ဘယ်သူက ဘာပြောမှာလဲ။ မီးဖိုပေါ်က ဒန်အိုးကို ဘယ်သူက အာရုံစိုက်နေမှာလဲ။ အဖျော်ဆရာက လွဲပြီးတော့။