ကံ့ကော်လမ်းခွဲ

7 1 0
                                    

ရေဒီယို တဂျစ်ဂျစ်မြည်သံကြားရတယ်
ကုက္ကိုကိုင်းများ ခြုံလွှာပါးပါးရုံလို့
ကံ့ကော်တွေ ရောက်လာပြီ
တပေဘူတတွေ လမ်းလုံးဝင်းနေပြီ
ရွက်ခြောက်တွေကို နင်းဖြတ်တိုးဝှေ့ပြီး
နွေဦး ရောက်လာပြီ တဲ့။

တခုသောပျိုမြစ်မှုနယ်မြေအပိုင်းအခြားမှာ
ငါတို့တတွေ ကခုန်ခဲ့ကြတာပေါ့
နာရီလက်တံ တတိတိနဲ့ကျော်ဖြတ်နေတာကို မသိကျိုးကျွံပြုရင်း
ငါတို့ ရယ်ခဲ့ကြ
ငါတို့ ငိုခဲ့ကြ
ငါတို့ ကျောခိုင်းခဲ့ကြ
ငါတို့ ပွေ့ဖက်ခဲ့ကြ..
မှတ်မှတ်ရရ.. ရန်ကုန်ဇွန်တွေ ဖွေးဖွေးလှုပ်တဲ့နာရီ။

ဘဝထဲကကျရှုံးခြင်းတွေကို အံတုဖို့
အသည်းကွဲတာကို ပြန်ကုဖို့
အရွယ်ရောက်ပြီဖြစ်ကြောင်း ဟန်ပြုဖို့..
ဗိုလ်ချုပ်လမ်းပေါ်က ချိုင့်ခွက်တွေက ငါတို့ကိစ္စတွေလိုမျိုး
ဘာအကြောင်းအရာလာလာ
လက်ဝါးရိုက်ပြီး ခွက်ချင်းတိုက်ခဲ့ကြ..
ငါတို့ဟာ ကမ္ဘာကို ကိုင်လှုပ်တော့မယ့်ကောင်တွေအတိုင်း။

အမှတ်တရတွေကို အင်္ကျီအိပ်ကပ်ထဲ ထိုးသိပ်ထည့်
ခွေးတကောင်နဲ့ဝရုန်းသုန်းကား လယ်ကွင်းညကစလို့..
ထောင့်နဲ့ ညင်းတွေ လက်ထဲပလူပျံပြီး
တရာတန်တွေ ပေးဆပ်လိုက်ရတဲ့ည
အပျော်ရှာ အငိုတွေ့တဲ့ည..
ပုလင်းတွေကိုင်ပြီး ရပ်ကွက်ထဲပတ်တဲ့ည
ဆူဆူညံညံညတွေမှာ ငါတို့လည်း ဆူညံရမ်းကား
ဟော ကြည့်စမ်း
ဟိုကောင့်လက်ကြားမှာ Meviusအငွေ့တလူလူနဲ့။

မနေ့က စစ်ခင်း
ဒီနေ့တော့ ချစ်ခြင်း
၃နဲ့၄လို ကျောခိုင်းကြပြီး
၃နဲ့၄လိုပဲ ကျောချင်းကပ်ခဲ့ကြ
ဒီကောင်ဟာ ငါ့ဘဝထဲက သိပ်လှတဲ့အစိတ်အပိုင်းပါလို့
ငါတို့အချင်းချင်း စိတ်ထဲက အပြန်အလှန်ခံစားခဲ့ရ
ပိတောက်တွေပွင့်ရင်
လူစုံတက်စုံ အလုပ်လုပ်ခဲ့တဲ့နေ့တွေဟာ
ငါတို့မှတ်ဉာဏ်ထဲ တပတ်ပြန်ရစ်လာမှာပဲ။

ခေါက်ဆွဲပန်းကန်တွေ
ခေါင်းရင်းပြတင်းက ပြုတ်ကျလာတတ်တဲ့ အမှိုက်တွေ
ဖယောင်းတိုင်မီးညွန့်ပေါ် ပြေးလွှားနေတဲ့ ငါတို့ဟာသတွေ
ပြီးတော့..  ခေါင်းအုံးတွေ
မီးပျက်ညမိုက်တွေထဲ လူမိုက်တွေလို အော်ဟစ်
တယောက်မျက်ရည် တယောက်သုတ်ပြီး
တယောက်ပခုံး တယောက်ပုတ်
လူငယ်ရောဂါကို ဒီလိုပဲ ရိုက်ထုတ်ခဲ့ကြ
ဒီအိမ်နံရံပေါ်
ငါတို့အမှတ်တရတွေ ပဲ့တင်ထပ်ကျန်နေခဲ့။

ရေဒီယို တဂျစ်ဂျစ်မြည်သံကြားရတယ်
ကုက္ကိုကိုင်းများ ခြုံလွှာပါးပါးရုံလို့
ကံ့ကော်တွေ ရောက်လာပြီ
တပေဘူတတွေ လမ်းလုံးဝင်းနေပြီ
ရွက်ခြောက်တွေကို နင်းဖြတ်တိုးဝှေ့ပြီး
နွေဦး..
ပြီးတော့ ငါတို့ နှုတ်ဆက်ချိန် ရောက်လာပြီ တဲ့..
အဲ့သလို မပီဝိုးတဝါးMegahertzမှာ
ငါတို့ လူကြီးဖြစ်ခဲ့တယ်။

Poems & Essays CollectionWhere stories live. Discover now