မိုးပြာရောင်ဂျင်းဂျာကင်နဲ့ ကောင်လေး (၇)

5 1 0
                                    

လပြည့်နေ့မှာလမင်းကြီးထွက်လာတာကို
ဝရန်တာတံစက်မြိတ်ကမိုးရေတွေ ခံယူရင်း
ထိုင်ကြည့်ရတဲ့အရသာ
ဆားသင့်ရုံခတ်ထားတဲ့ညနေခင်းပါကွယ်
ငေးရတာမြိန်ရေယှက်ရေရှိလှတယ်။

နည်းနည်းဆန်းတယ်မလားအချစ်ရေ
မိုးရေစက်တွေကြားကလမင်းကြီးရယ်လေ
နည်းနည်းဆန်းနေတယ်
မိုးရေအောက်ကဘဝများ မင်းရောဖြာကျချင်လေဦးမလားအချစ်ရဲ့။

ဟောဟိုမှာကြယ်တွေ
ကြယ်တွေဟာလေ နှမ်းဖြူးဖို့ရောက်လာသတဲ့
ညအမှောင်မှာသိပ်ကိုရဲတင်းကြပုံများ
ဝတ်လစ်စလစ်နဲ့ကြယ်တွေ
ပိုးလို့ပက်လက်အိပ်ပျော်လို့
မိုးဘယ်တုန်းကပြန်သွားသလဲ ကိုယ်မသိရဘူး
သတိရလို့ထကြည့်တော့ လမင်းပဲကျန်တယ်
ကြယ်တွေပဲကျန်တယ်။

ချစ်ခြင်းနဲ့ဝေးသွားရတာ တရက်အတိအကျ
သံပတ်ကုန်တဲ့ကားရုပ်အဟောင်းလို တဂျစ်ဂျစ်နဲ့နိုးထ
ဆီခမ်းနေတဲ့'ဘရားသား'ချုပ်စက်အဟောင်းကြီးလို
တဂျောင်းဂျောင်းမြည်အောင်အသက်ရှူရ
သိပ်ခက်ခဲပုံများကွယ်
တရက်လောက်အတိအကျပေါ့
ချစ်ခြင်းတရားနဲ့အလှမ်းကွာမိတယ်။

စိတ်လက်မအီမသာရှိတဲ့ရက်ဟာ
အက်ကြောင်းထပ်အောင်ပြောနေရတဲ့ ချစ်ခြင်းမေတ္တာဆိုတာလေ
လူတွေက ချစ်ခြင်းမေတ္တာမရှိရင် တကယ့်ကိုခမ်းခြောက်ခြောက်နဲ့
ဒီည
အာကာသဟင်းလင်းပြင်ထဲမှာ ဘယ်သူတွေမိုက်ကြေးခွဲသွားသလဲ
နှုတ်ခမ်းအောက်ကမှဲ့ကလေး
အိပ်မက်ထဲလမ်းမှားဝင်လာဖို့အရေး
တညလုံးကြွေပစ်လိုက်စမ်းကြယ်တွေ
ရေသောက်ရင်း ခြောက်ကပ်ခဲ့ရပါတယ်။
အားလုံးအဆုံးသတ် ခေါင်းစဉ်တပ်ရတော့
ဒီတရက် မင်းကို သိပ်လွမ်းမိတယ် တဲ့။

Poems & Essays CollectionWhere stories live. Discover now