မိုးငွေ့ကလေးတွေ ဝေ့လာသလိုမျိုး
ငြင်ငြင်သက်သက်။
တိမ်ဆုပ်ကလေးတွေ ကြွေဆင်းလာသလိုမျိုး
နုနုဖက်ဖက်။
ကောင်းကင်ပြာကြီး အရည်ပျော်ကျလာသလိုမျိုး
အိအိစက်စက်။
ဟိုးတောင်တန်းတွေဆီကနေ ဝရောသောပါး ပြေးလာရသလိုမျိုး
မြန်မြန်သွက်သွက်။
အထက်ဘဝဂ်ကနေ အလောတကြီးခုန်ဆင်းခဲ့တဲ့
စွန်ငယ်ရဲ့အတောင်ပံရမ်းခါမှုလိုမျိုး
တမ်းတမ်းမက်မက်။
ဆောင်းကုန်ခါနီး ဝေ့ပစ်လိုက်တဲ့မြောက်ပြန်လေလို
အေးအေးစက်စက်။
တရက်မှာ ကောင်းကင်ဘုံက တံတားတစင်းကျိုးတယ်
လူသားတစုံတဦးကို ခံစားချက်ပေါင်းစုံနဲ့ စီရင်ပစ်ဖို့
မျက်နှာနှစ်ဖက်နဲ့ နတ်သားတပါးဟာ
လက်စွဲတော်ပါးချိုင့်ကို ညာဖက်ပါးမှာဆင်မြန်းပြီး
အဲ့နေ့မှာပဲ လူ့ပြည်ကို ခြေချော်ကျလာတယ်။
ပုံပြင်အစပြုပုံက ဒီလိုမျိုး
လှုပ်လှုပ်ခတ်ခတ်။
