မင်းအတွက်
ကြယ်ကြွေတွေသွားကောက်တယ်
ပြန်ရောက်ဖို့မသေချာဘူး
ကော်ဖီဖျော်ထားပေးခဲ့တယ်
ကျန်းမာရေးဂရုစိုက်ပါ
နောက်တခါထပ်မငိုနဲ့
*( C H A R M 1/4 )*ကျန်းမာရေးဂရုစိုက်ပါ
နောက်တခါထပ်မငိုနဲ့
သူ့ကြောင့်ခံစားရတော့ မနှင်းဆီက ကိုယ့်ရင်ကိုယ် ထုထုငိုတယ်
ခင်ဗျားနာတာက ကျွန်တော့်မှာ ခုပဲ ပွဲချင်းပြီးတော့မလို
ခုပဲ ဇီဝိန်ချုပ်တော့မလို . .ကိုယ်တို့တွေဟာ
မွေးကတည်းက လက်ဖျံပေါ်မှာ
ချစ်ရမယ့်လူနာမည်ပါလာခဲ့ရင် အကောင်းသား ကလေးရယ်
အဲ့လိုဆို အဲ့ဒီလူကို
ကျွန်တော် ရေဆုံးမိုးဆုံးလိုက်ရှာပြီး ချစ်နေလိုက်ပါတယ်
ခုတော့ လက်ဖျံပေါ်မှာ ခင်ဗျားနာမည်အတင်းရေးမိတာ
အစစအရာရာဟာ အစမှာကတည်းက မရေမရာ
ဒါနဲ့များ နှင်းမကျတဲ့ဆောင်းကို
တအားဖက်တွယ်ခဲ့ရ
မိုးမရတဲ့မိုးကို
တအားကပ်တွယ်ခဲ့ရ။နှစ်နဲ့နှစ်ပေါင်းရင် လေး ရသလိုမျိုး
ယုန်တကောင်က မုန်လာဥစားသလိုမျိုး
ထမင်းဝါးပြီး မျိုချရမယ်ဆိုတဲ့အသိလိုမျိုး
အလိုလျောက်လွယ်ကူနေမယ်ဆိုရင်တော့
ခင်ဗျားအပြောအရ
အနာကျက်ဖို့တန်မဲ့အချိန်ကိုမျှော်ရတာပေါ့။သတိရစိတ်တွေက တိမ်ဖွဲ့တယ်
ကဗျာတွေစာလုံးတွေဟာ ငွေ့ရည်ဖွဲ့ဂုဏ်သတ္တိရှိတယ်
အလွမ်းဓာတ်ခံဇောင်းကြွချိန်မှာ
ဘယ်ကဗျာကိုမှ ခလုတ်မတိုက်ရဲဘူး
တချက်ထိရင် နှစ်ဆညိုတယ်
အထူးသဖြင့် ခင်ဗျားမရေးတဲ့အသံတိတ်ကဗျာတွေ
တဆင့်ခံလောင်တဲ့မီးနဲ့
ကျွန်တော့်အဆုတ်ဖျားနာခဲ့တဲ့ ဇန်နဝါရီက
ပြန်လည်ပတ်လာတော့မယ်
မှတ်ဥာဏ်တချို့ကိုဘယ်မှာပြေးမြှုပ်ရမလဲ။ကျွန်တော်ကအလွဲကောင်
နေ့စဉ်ဘဝမှာ 'မင်္ဂလာပါ'တခွန်းပြောပြီး
'တောင်းပန်ပါတယ်' နှစ်ခွန်းထပ်ပြောနေရတတ်တဲ့ကောင်
မင်္ဂလာပါ မနှင်းဆီရေ ဆိုပြီးစတဲ့ဇာတ်မှာလည်း
တောင်းပန်ပါတယ်အခါခါပြောရင်း ပွဲသိမ်းရပြန်တယ်
ရက်တွေအများကြီးနဲ့ချီပြီး
စက်သွားတွေပြောင်းပြန်လည်နေခဲ့ပါပေါ့
မွန်မြတ်ပေမဲ့ တရားမဝင်တဲ့မေတ္တာပါ
ခင်ဗျားက လေလံမဆွဲခဲ့ဘူး။__________________________________
A/N :
အပေါ်ဆုံးစာပိုဒ်က
ကလောင်ရှင် Charm1/4 ရဲ့ ကဗျာတပုဒ်ထဲက
စာပိုဒ်ဖြစ်ပါတယ်။
ဒါရေးစဉ်ကတည်းက ခွင့်တောင်းပြီးမှ သုံးခဲ့တာဖြစ်ပြီး
လေးစားစွာ creditပေးပါတယ်။