မပေးဖြစ်ခဲ့သော စာများ (၆)

3 1 0
                                    

မိန်းမတယောက်အတွက်
စိတ်အပင်ပန်းခံစရာမလိုပါဘူးကွာ လို့ ဖြေသိမ့်ရင်း
အဲ့မိန်းမအတွက်ပဲ ငိုနေရတုန်း...

သူ့ဆံပင် ထပ်ပြီးရှည်လာပြန်တယ်
ပါးကလေးတွေပိုပြည့်လာပြီး
ပါးမို့ပေါ်ကမှဲ့ကလေးကတော့ ချစ်ဖို့ကောင်းမြဲ
မြတ်နိုးစရာကောင်းဆဲ
ကျွန်တော် ချစ်တယ်။

ရာသီဥတုဟာ အေးအေးစက်စက်နဲ့
မနှင်းဆီကို ပြုံးမပြမိတာ နည်းနည်းကြာကြာ
ဒီဇင်ဘာဒဏ်လောက်ကတော့
နှစ်ယောက်စလုံးရယ်နေမှာပါ
နှစ်ယောက်စလုံးရဲ့စိတ်တွေဟာ ခဲလို့ကျစ်လို့
ကျွန်တော်လည်းပဲ ခဲရင်း၊ ကျစ်ရင်း၊ ချစ်ရင်းပါပဲ။

အနေတွေဝေးရင် သွေးအေးသွားမယ်
မမြင်တာကြာရင် အသည်းမာလာမယ်
ဘယ်ရုပ်ရှင်က ဦးနှောက်ဆေးလွှတ်လိုက်တာလဲလို့
ကိုယ့်ကိုယ်ကိုယ်ထဆဲမိရတာပေါ့။

မနီးစပ်ခဲ့တဲ့ရက်တွေမှာ တမ်းတပြီးတဲ့နောက်
နီးကပ်လိုက်ရတဲ့နေ့မှာလည်း မြင်လျက်နဲ့လွမ်းရမိပါတယ်
ခိုးကြည့်ရင်းလူမိတဲ့အဖြစ်မှာ
စိတ်ထဲက အကြိမ်ကြိမ်တောင်းပန်နေတယ်
တောင်းပန်ပါတယ်၊ သံယောဇဉ်က ဖူးပွင့်နေတုန်း။

စိတ်ကျစရာတွေ၊ စိတ်မချစရာတွေ
အိပ်မရတာတွေ၊
နောက်ပြီး သိပ်သိပ်ချစ်ရတာတွေ...
ချစ်ရပါသော မနှင်းဆီရေ
ရင်နှင့်အမျှ ချစ်ရပါတယ်
ချစ်ရခြင်းနဲ့အမျှ ရင်တွေနင့်နေရတုန်းပါကွယ်။

Poems & Essays CollectionWhere stories live. Discover now