ကျောချင်းကပ် ဇာတ်ကွဲခန်းတွေအကြောင်း
ရွက်ဆုတ်ပြက္ခဒိန်တွေအပြင် ဘယ်သူပိုသိသေးသလဲ
မထားခဲ့ဖို့ငိုယိုတောင်းပန်ရင်း
ခပ်ပြုံးပြုံးပစ်ချထားခဲ့ခံရတဲ့
ညိုးရော်ရော်ပြဿဒါးလိုပဲ။အိပ်ပျော်နေတဲ့အခါ
ကြယ်တွေ့ငုံ့ငေးမှာကိုတောင်
မနာလိုခဲ့မိပါတယ်။ပြန်ဆုံတော့မှပြောချင်တဲ့စကားတွေ
မနှင်းဆီကိုမှ တိုင်တည်ချင်တဲ့ကျိုးပဲ့ခြင်းတွေ
စိတ်ရဲ့ဝရန်တာမှာတန်းလန်းချိတ်လျက်သား..
တော်ရုံနဲ့လည်းလွင့်စင်မသွားဘူး။ကံကံ၏အကျိုးပြီးရင် ကျွန်တော်သိတာ မနှင်းဆီ
မနှင်းဆီပြုံးရင်ကျွန်တော်ပါပျော်ရပြီး
ဒီပန်းကလေးငိုရင် ကမ္ဘာပြိုရတာပဲ..
ဒါကြောင့် ပြောခဲ့တာ
မနှင်းဆီသာ ကိုးကွယ်ရာ
မနှင်းဆီဟာ ဒုတိယဘာသာ။ဒိုင်ယာရီတအုပ်နဲ့လမ်းကြုံနှုတ်ဆက်တဲ့အခါ
ကျွန်တော့်တံခါးကို ဆက်ဆက်ခေါက်ပါ
မနှင်းဆီလို့ ပြန်ခေါ်သံကို နားစွင့်ပေးပါ။မိန့်မိန့်ကြီးပျက်နေတဲ့ စိတ်ကူးယဉ်အိမ်နဲ့
ပြန့်ကြဲကျိုးပဲ့နေတဲ့ ကဗျာအပိုင်းအစတွေ
ဟောဒီမြို့ပျက်ကြီးကို ချစ်ခြင်းမေတ္တာလို့နာမည်တပ်ခဲ့မိတယ်
တခမ်းတနားကြွားတဲ့သူက
တခမ်းတနားရှုံးတတ်ပါတယ်။တသံသရာလုံးစာရှောင်ပေးရဦးမလား
မျက်ရည်နဲ့ပြုံးပြရရင်လည်း ဖြစ်ပါတယ်
ဖြစ်ပါတယ်ပေါ့
မဖြစ်လို့လည်း မဖြစ်ဘူးကိုး
ဒီလိုနဲ့ပဲ လွမ်းတဲ့စိတ်ဟာ
ငွေ့ငွေ့ကလေးအဖျားတက်ခဲ့တော့တယ်။