စိတ်ကူးရွက်လိပ် ပုဂံအိပ်မက်များ

6 1 0
                                    

ဒီလိုမျိုးလှော်ခတ်ဖို့
ဘယ်လောက်ရူးသွပ်ခဲ့တယ်ထင်ပါသလဲ။

တဖြည်းဖြည်းနဲ့ပဲ တရွေ့ရွေ့နဲ့လှိမ့်ပြီး
ခရီးတကြောင်းစာတော့ နားကြပ်တခုကိုမှီပြီး အိပ်ရဦးမယ်
စာအုပ်တအုပ်နဲ့လည်း စကားလက်ဆုံကျလို့ပေါ့။

ဖုန်ထူထူရနံ့ကို ရှူရှိုက်ချင်အားကြီးလွန်း
တူလည်းတူပြီး တူလည်းမတူတဲ့ တမာပင်တန်းကြား
တခေါ်စာလောက် လျှောက်ချင်စိတ်အားကြီးလွန်း
နေဝင်ဖျိုးဖျ ဓမ္မရံကြီးဆည်းဆာကို
သောက်သုံးချင်စိတ် အားကြီးလွန်း
မက်မှမက်နိုင်လွန်းပါရဲ့။

မဉ္ဇူသကအကြွေတွေကောက်ပြီးရင်
ပုစွန်ဆီရောင်ပုဝါကို ခြုံရင်း
ရာဇဝင်များရဲ့သတို့သမီးနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရဦးမယ်
မဟုတ်သေးဘူး
သူ့ဆီက ရှေးဟောင်းနှောင်းဖြစ်တွေ တသွင်သွင်စီးနေတာကို
နားထောင်ရဦးမယ်..။

ရေမြေတဆုံး မိုးတဆုံးမှာ
သည်အကန့်က ရွှေရောင်နည်းနည်းပါတယ်..
လေပြည်တခါဝေ့တိုင်း
ဆည်းလည်းရနံ့တွေ ဆွတ်ဆွတ်ပျံ့ပျံ့နဲ့ ပျံပျံ့နှံ့နှံ့..
သလေးနှံတို့လည်း ဝေစေအံ့
မျက်ရည်တို့လည်း တိတ်စေအံ့
ရင်မှာလောင်သောမီးတို့လည်း ငြိမ်းစေ့အံ့..

ဆုတောင်းနဲ့ကျိန်စာတွေဟာ ရေမြေတဆုံး မိုးတဆုံး
အဲ့သည်က ကျောက်စာချပ်တွေလေ
အနားကပ်ရင်း နားထောင်ကြည့်ရင်ဖြင့်
ရေစက်သွန်းချသံကို ကြားရင်ကြားရဦးမယ်။
မြို့ဟောင်းမြေက သည်လိုမျိုးမလှုပ်မယှက်နဲ့
အမြဲအသက်ဝင်နေတာလေ။

တုရင်းတောင်ပေါ်ကြယ်က ပိုလင်းရင်လင်းနေမှာပဲ
ကောလုလုမြကန်ရေက ပိုအေးရင်အေးနေမှာပဲ
ကင်းဗတ်တရွက်နဲ့ စုတ်တံတဦး ၊ စာရွက်ဖြူနဲ့ ခဲတံတယောက်
ကြုံရင်ဆုံရင်ဖြင့် နောက်ထပ် မင်အိုးတွေကိုလည်း
တင်ကြိုဖိတ်နှင့်ထားစမ်းပါ
တရက်ရက်တော့ စိတ်ငြိမ်းချမ်းမှုကို ကျောပိုးအိတ်ထဲထည့်ပြီး
မြန်မာ့မီးရထားပေါ်မှာ အုပ်စုဖွဲ့ရယ်မောနေနိုင်မှာပေါ့။

ဒီလိုနဲ့ပဲ
ရှင်သန်ခြင်းတွေကိုတန်ဖိုးထားရင်း၊
လေပြင်းကြားမှာ အသက်ရှူကြပ်ရင်း၊
စောင့်ခဲ့ပါရဲ့။
ဆားငန်ရေလို ရှေးဟောင်းမြေကို၊
သွားလေသွားလေ ငတ်မပြေနဲ့ပဲ
ဆားငန်ရေလိုထနောင်းရိပ်အောက်ကို
တရက်ရက်တော့ ရောက်ချင်ရောက်မယ်
ရောက်ရင်ရောက်မယ်
ရင်ပြင်ပေါ်မှာ စိတ်အေးလက်သာနဲ့
ငါတို့ စကားပြောဖို့ ခေါင်းစဉ်ရှာရဦးမယ်..
ဘုရားစောင်းတန်းက ရုပ်သေးတရုပ်လောက် ဝယ်ဖို့ပဲဖြစ်ဖြစ်
စောင့်ခဲ့ပါရဲ့
ဒီရွက်ဒီတက်တွေနဲ့လေ..
တရက်ရက်တော့ ပေါက္ကံရာမမှာ ကမ်းကပ်နိုင်လိမ့်မပေါ့ကွယ်။

Poems & Essays CollectionWhere stories live. Discover now