ကမ္ဘာပေါ်က လူတွေအားလုံး နှုတ်ခမ်းနီဆိုးကြမယ်ဆိုပါစို့
ဈေးဆိုင်တွေအားလုံးမှာ နှုတ်ခမ်းနီရနိုင်မယ်
အရောင်းဝန်ထမ်းတွေအားလုံး
နှုတ်ခမ်းနီအကြောင်းသိကြမယ်
ကောင်တာတွေမှာ တံဆိပ်အစုံရှိနေမယ်
အရောင်အကြောင်းရှင်းပြတဲ့စာအုပ်တွေလည်း
ဝယ်လိုအားများလာမယ်။နှုတ်ခမ်းဖျားက လျှံချဖို့ခဲယဉ်းတဲ့စကားလုံးတွေကို
နှုတ်ခမ်းပါးမှာ အရောင်တင်ပြီးသာပြနိုင်ခဲ့ရင်
စိတ်သက်သာရာ ရကောင်းရနိုင်မှာပဲ။ချယ်ရီဖျော့ဖျော့ကနေ ပန်းရောင်တောက်တောက်၊
အနီအရင့်ရင့်၊ မရမ်းပုပ်
အညိုရောင်
အစိမ်းရောင်
အပြာ၊ အဝါ
ပြီးတော့ အနက်..
ဗလာကျင်းသွားတဲ့တနေ့ ဘာမှမလိမ်းခြယ်ဘူးပေါ့။စိတ်ပျော်နေတဲ့အခါ ကြည်လင်နေတဲ့မနက်ခင်းလို အရောင်
အိပ်ပျော်နေတဲ့အခါ ညခင်းတွေရဲ့အရောင်
သိပ်မပျော်တော့တဲ့အခါကျ
ဆန္ဒရှိသလို ညိုရင်ညို
ကြောင်ချင်ကြောင်၊ မှောင်ရင်မှောင်။'ဒီနေ့ဘယ့်နှယ်လဲ'လို့ တယောက်ယောက်ကမေးရင်
အောက်နှုတ်ခမ်းကို အပေါ်ကွေးလို့
လက်နဲ့ထောက်ပြလိုက်ရုံ..
'ဒီနေ့ဘယ့်နှယ်လဲ'လို့ တယောက်ယောက်ကမေးလာရင်
အပေါ်နှုတ်ခမ်းကို အောက်ဖက်ကွေးလို့
လက်ညိုးကလေးနဲ့ ထောက်ပြရုံ..
ဒီမှာ ငါ့တနေ့တာ၊ ဒီမှာ ငါ့တညတာ၊ ဒါက ငါ့တလစာ။ဆိုးလက်စ အရောင်တွေ၊ အရည်တွေကုန်ရင်
သွားပြီးတန်းစီကြရမယ်
တုံကင်နံပါတ် မှတ်ထားရတယ်
ဈေးအကြီးအဆုံးအရောင်က ပျော်ရွှင်မှုနဲ့ ချစ်ခြင်းမေတ္တာ
မိသားစု၊ သူငယ်ချင်း၊ ချစ်ရတဲ့သူတွေ
ဒီရပ်ဝန်းမှာ ရောင်ပြန်ဟပ်သမျှ
မှန်ဘီလူးနဲ့ဖမ်းဖမ်းပြီး ဖန်ပြွန်ကလေးထဲ ထည့်ရတယ်
ရက်တွေ၊ လတွေ၊ စကားလုံးတွေနဲ့ ကျိုချက်ရတယ်
ဒါဟာ ဈေးအကြီးဆုံး နှုတ်ခမ်းနီပဲ
တန်းစီတိုင်းမရဘူး
စောထတိုင်းမမိဘူး
ဆိုင်တိုင်းမှာ မရောင်းဘူး။တကယ်တော့ ငါတို့အားလုံးက
မဝယ်ရတဲ့နှုတ်ခမ်းနီဟောင်းတွေ ရင်မှာပိုက်ထားပြီးသားဖြစ်တယ်
ဒါကြောင့် အာတစ်ဖစ်ရှယ်နှုတ်ခမ်းနီတောင့်တွေကို
အရောင်းကောင်တာမှာ
မေးမေးဝယ်၊ ပြေးပြေးဝယ်ရတာဖြစ်တယ်
ငါတို့ဖုံးအုပ်ထားချင်တဲ့ အရောင်တွေပေါ့။လူအုပ်ကြားထဲမှာ
လူတိုင်းကဝမ်းတွင်းနှုတ်ခမ်းနီတွေရှိကြတယ်
အိမ်တွင်းနှုတ်ခမ်းနီတွေရှိကြတယ်
လိင်အမျိုးကွဲပေါင်းစုံနဲ့ ယောက်ျားသားတွေ၊ မိန်းမသားတွေ
ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေကစလို့
အရွယ်အားလုံး
အားလုံးနှုတ်ခမ်းမှာ အရောင်တွေ
မျက်လုံးထဲမှာ၊ မှတ်ဉာဏ်ထဲမှာ
ကိုင်ဆွဲခံရသော လက်မှာ၊
ဆူးခက်ဝင်သောနားမှာ၊
ချော်လဲခဲ့သောမျက်လုံးမှာ၊
မုန်တိုင်းမိသောခြေလှမ်းမှာ၊
မဝယ်ရတဲ့နှုတ်ခမ်းနီတွေ ပေလို့၊ စွန်းလို့၊ နံစော်လွန်းလို့။စကားများသူတွေ နည်းနည်း နဲ့ စကားနည်းသူတွေ များများ
ကင်းဗတ်ပေါ်မှာ၊
ရုံးသုံးအံဆွဲထဲမှာ၊
ဧည့်ကြိုကောင်တာမှာ၊
ဒုက္ခတွေအစား စက်ရုံထုတ်နှုတ်ခမ်းနီတွေ ဖြစ်လိုက်စမ်းပါ
အိပ်မက်ဆိုးတွေအစား
ရွှေမှုန်ပါတဲ့အရောင်ကြည်တွေ လောင်းချပေးစမ်းပါ
သောကတွေအစား လူလုပ်နှုတ်ခမ်းနီတွေဖြစ်လိုက်စမ်းပါ
ကျည်တောင့်တွေအစား
စျေးကြီးနှုတ်ခမ်းနီတောင့်တွေဖြစ်လိုက်စမ်းပါ
အဲ့ဒီမှာ ချစ်ခြင်းမေတ္တာက နေရာတိုင်းပဲကို။အိမ်ရှေ့မြေကွက်လပ်မှာ ပျိုးထားတဲ့ နှုတ်ခမ်းနီတွေ
များများပွင့်ပြီးတော့
ကမ္ဘာကြီးကို အရောင်တွေပဲ များများပေးပါ
အပျစ်၊ အကျဲ နဲ့ အမာ၊ အပျော့
အကြည်၊ အနောက် နဲ့ အရည်၊ အခဲ
အားလုံးမွှေးကြိုင်ပေးပါ
အားလုံးတောက်ပပေးပါ
နိဗ္ဗာန်မရောက်နိုင်သေးသမျှတော့
ရိုလာကိုစတာပဲ စီးကြတာပေါ့
နှုတ်ခမ်းနီတွေ ဆိုးပြီး။