တနေ့
'မပေးဖြစ်ခဲ့သောစာများ'လို့ခေါင်းစဉ်တပ်ပြီး
မနှင်းဆီကို ပေးဖြစ်အောင်ပေးခဲ့ဦးမယ်
ဖွင့်ဖတ်နေရင်း လှောင်ရယ်နေဦးမလား။အတိတ်ဘဝကုသိုလ်ကံကဖေးဖေးမမနဲ့ ပေးသွားတယ်
ဒီဘဝအတွက်ရေစက်ဆိုပဲ..
'ရေစက်ကွ ရေစက်..'
ဒီလိုအော်ပြီး ပျော်မြူးနေတာ
နေရောင်လာရင် ပျောက်ရတာပဲကွယ်။တနေ့တနေ့
ရေးလိုက်ရတဲ့စာတွေ၊
တွေးလိုက်ရတဲ့ မနှင်းဆီအကြောင်းတွေ
ကျွန်တော့်ဒိုင်ယာရီထဲ ဓာတ်ပြားထစ်ခဲ့ပါပေါ့။ခုတော့ ကဗျာတွေလည်းအခန်းထောင့်မှာ ငိုနေပြီ
ရေးလက်စ စာတွေညှိုးနေပြီ
မနှင်းဆီတော့ သူ့မြေမှာ သိပ်ကိုမွှေးပျံ့နေမှာပဲ။ကိုယ်တိုင်ပဲသိတဲ့ စိတ်ကူးယဉ်ကမ္ဘာဟာ
တဖြည်းဖြည်းခြပိုးတွေအုံဖွဲ့
ယိုလို့ယွင်းလို့နဲ့
ပါးပေါ်ကိုမိုးရေစင်ထားတာလို့ပဲပြန်ဖြေလိုက်တယ်
ဆောင်းထားတဲ့ထီးက လုံတယ်ဆိုတာ
ထည့်မပြောတော့ဘူး
ဘာထူးမှာလဲ မနှင်းဆီ..
လွမ်းခြင်းအားဖြင့်တိမ်ညိုဖွဲ့တဲ့ကိုယ့်ပါးပြင်မှာ
ကွက်ကြားမိုးရွာတာဆန်းသလား။မရေရာမှုကိုပဲ ချစ်ခြင်းမေတ္တာပါဆိုပြီး
ပူဇော်လာလိုက်တာ
ဒါက ဒုတိယဘာသာတရားပါဆိုပြီး
ကိုးကွယ်လာလိုက်တာ
စိတ်တွေ စုတ်ပြတ်ကုန်ပြီ
စာမျက်နှာတွေ စုတ်ပြတ်ကုန်ပြီ
ကျွန်တော်ဆက်မချစ်တော့ဘူး မနှင်းဆီရယ်...
ဆိုတဲ့.. ဆိုတဲ့.. စတဲ့အတွေးတွေနဲ့နောက်ပြန်လှည့်ပြေးတိုင်း
ယုန်သွားလေးတွေနဲ့ ဒီစိတ်ဟာ
ခဏခဏ ဝင်တိုးတိုက်ကြတယ်..
ရေစက်က ကုန်သွားတာလား
ငွေ့ရည်ပြန်ဖွဲ့လာတာလား။
စာနံပါတ် တစ် ကို အကြောင်းပြန်ပါ မနှင်းဆီ
ကျွန်တော်တို့ရေစက်က ကုန်သွားတာလား
ငွေရည်ပြန်ဖွဲ့လာတာလား။