ကိုးထပ်မြောက် ငရဲ

6 2 0
                                    

အလွန်ဆုံးပူလှ လေးဆယ်ဒီဂရီပေါ့။

လွန်ခဲ့တဲ့နှစ်ထောင့်တဆယ့်ကိုးတုန်းက
ရောဂန္တရအလည်ရောက်လာတယ်
တဖက်နိုင်ငံကို လူကုန်ကူးတဲ့ပွဲစားတွေနဲ့ ခပ်ဆင်ဆင်ပဲ
အိမ်တွေဆီ ရောက်လာတယ်
လူတွေကို ခေါ်သွားတယ်
တချို့က အိမ်ပြန်ရောက်လာတယ်.. တချို့ကမပြန်နိုင်တော့ဘူး။

သိပ်မကြာခင်က သတ္ထန္တရရောက်လာတယ်
အိမ်ရှင်ကိုပါးရိုက်တဲ့ဧည့်သည်
ဧည့်သည်က ဧည့်သည်လိုမနေတဲ့ ဧည့်သည်
အိမ်တွေဆီ ရောက်လာတယ်
လူတွေကို ခေါ်သွားတယ်
အသက်တွေကို ခေါ်သွားတယ်
ဒီလိုနဲ့ ထမင်းဝိုင်းတွေတိတ်ဆိတ်။

ဧည့်သည်နှစ်ယောက်က စောက်စားနဲ့ ရမ္မက်ကြီးတယ်
ငါတို့ကိုဝါးမျို၊ ငါတို့ကိုသွေးစုပ်
ပြီးတော့ သူတို့အချင်းချင်းစပ်ယှက်ပြီး
ငါတို့အလိုမရှိတဲ့ကလေးကို မနေ့တနေ့ကမွေးပေးလိုက်ကြ
ဒီလိုနဲ့ ဒုဗ္ဘိက္ခန္တရလေး လူလားမြောက်လာရော။

မိုးမလုံကြမ်းရယ် နေမလုံကျောရယ် ရေပန်းစားနေတဲ့ခေတ်
ထမင်းကလည်း ရွှေ၊
ရေကလည်း ရွှေ၊
ဆားကလည်း ရွှေ၊
လေကိုလည်း ရွှေလိုရှူရ၊
ရွှေကတန်ဖိုးရှိသလားဆို ဟင့်အင်းငြင်းပြီး
ရွှေကတန်ဖိုးရှိသလားဆို ခေါင်းပြန်ငြိမ့်ပြရတယ်။

မိုးခေါင်ပေမဲ့ နေရောင်လည်းမရ
ဓနိနဲ့ သက်ငယ်(ကယ်)အထက်မှာ သွပ်နဲ့ အုတ်ကြွပ်၊
ပြီးတော့ လိုက်လို့မမီတော့တဲ့ မတ်တီရီယယ်တွေ
ပိရမစ်တခုလုံးရဲ့ထိပ်ဆုံးမှာ လက်တွေပဲရှိတယ်ပြောရင် မရယ်နဲ့တော့
လက်ဝါးကကြီးတော့၊ လက်ဝါးကြီးက အုပ်ထားတော့
နေပူပြီး နေရောင်ပျောက်တဲ့ထမင်းလုပ်တွေဖြစ်ခဲ့တာပဲ
တန်ဖိုးတူတဲ့အသုံးအဆောင်တွေ တန်ကြေးမတူခဲ့တာက
ငါတို့အပြစ်မှမဟုတ်ခဲ့ပဲ။

တဖြည်းဖြည်းငါတို့ဟာ ပရုတ်လုံးဇာတ်အသွင်းခံနေရ
အဝီစိကြီးများ မြို့ထဲဝင်လာသလားလို့
မေးမိတဲ့အခိုက်အတန့်တွေလေ
မဟုတ်သေးဘူး ငါတို့ အဲ့လောက်အကုသိုလ်မကြီးဘူး
ဒါဖြင့်ရင် ငါတို့က ဘယ်ရောက်နေကြသလဲ
ငါတို့အိမ်မှာနေရင်း၊ ငါတို့မြို့မှာနေရင်း
ဘယ်ကိုရောက်နေကြသလဲ။

ဒီစိတ်ကိုသာ ဝင်တိုက်မိရင်
တောက်ခေါက်သံကျယ်ကြီးက တခဲနက်ထွက်တော့မှာပဲ
အနာဂတ်တခုကို ပစ္စုပ္ပန်အထိဆွဲခေါ်ခွင့်က
အဲ့သလောက်ခက်တာပဲလား။
တီဗွီချန်နယ်တွေ၊ စာအုပ်တွေမှာ
ရှင်သန်ဖို့နည်းလမ်းတွေအကြောင်း နားရည်ဝခဲ့ပေမဲ့
သာဓုအနုမောဒနာခေါ်ပြီး နောက်ပြန်အလှည့်မှာ
သေဖို့နည်းလမ်းတွေချည့်ပဲ
ငါတို့ဟာ မသေချင်သူများဆိုတော့
အချင်းချင်းပဲ ပြန်ဆွဲခေါ်နေရတယ်။

လုပ်စားတော့ မိုးခေါင်၊ ခိုးစားတော့ခွေးဟောင်ဆိုတာ
ရယ်စရာမဟုတ်မှန်း မနေ့တနေ့ကပဲ သိလိုက်ကြရဲ့။
ကမ္ဘာကြီးနှစ်ခြမ်းကွဲတာဟာလည်း
ရယ်စရာမဟုတ်မှန်း မနေ့တနေ့ကပဲ သိလိုက်ကြရဲ့။

လူတန်းစားကိုထောက်ပြလည်း မထူးတဲ့ရက်တွေမှာ
ဒီမြေ၊ ဒီရေပေါ်ရှင်သန်လာတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ
လက်ညိုးငေါက်ငေါက်ပြန်ထိုးရတော့တာပဲ။

အကုသိုလ်က ဝါးမြိုကြီးထွားလာ
ကောင်းခင်းအဖြာဖြာလည်း ဆုတ်ရင်းယုတ်ရင်း
ငါတို့ဟာလေ
ငါတို့မပြု၊ မိမိမှုတွေကို ပေးဆပ်ဖို့
အစုနဲ့အဝေးနဲ့၊ ဒုနဲ့ဒေးနဲ့စောင့်နေရသူများလို။

ဒီကော်ဖီလည်း လ,နဲ့ချီနေအောင်
မနက်ခင်းတွေမှာ အရောင်စွဲနေတယ်
ငါတို့အားလုံးဟာ အိမ်ထဲမှာ လေးဆယ်ဒီဂရီ
ရင်ထဲမှာ ရေဆူမှတ်က ပွက်ပွက်ထနေပေါ့
တရားစာအုပ်ထဲမှာ အဝီစိက ဂိတ်ဆုံးပဲ
ဆိုတော့...ငါတို့က အခွင့်ထူးရသူများပေါ့
ကိုးခုမြောက်ငရဲမှာ
နှာခေါင်းဖော်ပြီး ရေနစ်နေကြသူများလို
ဒုက္ခတွေသာ ပန်းတွေဖြစ်မယ်ဆို၊
ငါတို့က ပန်းတွေ ပင်လယ်ဝေနေလို့
ဒုက္ခတွေသာ ပန်းတွေဖြစ်မယ်ဆို၊
ငါတို့မြေဟာ အမွှေးဆုံးဖြစ်နေတော့မှာပဲ။

Poems & Essays CollectionWhere stories live. Discover now