ငါအန်ထုတ်ခဲ့တဲ့ အိပ်မက်တွေ

6 2 0
                                    

တခါမှတိတိကျကျမရှိခဲ့ဘူး
မသင့်တော်တာစားမိရင် အစာမကြေသလိုမျိုး
ငါ့အစာအိမ်နဲ့ ငါမျိုချတဲ့အိပ်မက်တွေနဲ့
တခါမှ ဓာတ်မတည့်..
ဒီလိုနဲ့ ပြန်ပြန်ပြီးအန်ထုတ်ခဲ့ရတယ်။

နယ်ဘုရားပွဲဈေးကို အလည်သွားရင်း၊ မျက်စိလည်သွားရင်း
ပွဲဈေးတန်းမှာတွေ့သမျှတွေ စားရင်း၊
အစာမကြေဖြစ်ရင်း၊
အကြိမ်ကြိမ်ပျို့ရင်း၊
ဝုန်းဆို မြို့ပြsnack marketကိုရောက်သွား
ဘယ်မလဲ ငါ့လျှာ၊ ဘယ်မလဲ ငါ့စားစရာ။

လမ်းမပေါ်ပျံ့ကြဲနေခဲ့တဲ့ ငါ့စကားလုံးတွေ
လေထဲကိုအငွေ့ပျံသွားပြီဖြစ်တဲ့ ငါ့ခြေရာတွေ
ပြီးတော့ ငွေ့ရည်ပြန်ဖွဲ့ခဲ့တဲ့ ပျောက်ဆုံးခြင်းတွေ
ဘာမှရှာမတွေ့ဘဲ ဥတုကူးလာတဲ့နောက်
ပျောက်ရှခြင်းတွေသာ ငါ့ခေါင်းပေါ် တဖွဲဖွဲ
ပျောက်ရှခြင်းတွေသာ ငါ့ပခုံးမှာ စက်စက်ရွှဲ
ဒီနေ့လည်း ထီးမေ့ခဲ့ပြန်တယ်။

"တလှမ်း လွန်သွားပြီ"
"မဟုတ်သေးဘူး.. တလှမ်းလိုသေးတယ်"
မှတ်တိုင်တွေ အကြိမ်ကြိမ်လွဲရင်း
မှတ်တိုင်တွေမှာ မျက်စိလည်နေရင်း
ဖိနပ်သဲကြိုးတွေ သွန်ချရင်း
ဒါဟာ မှတ်တိုင်နံပါတ်(၂၄)တဲ့။

အနီးအနားမှာ အက်စသက်တစ်ကျကျ စားသောက်ဆိုင်တခု တွေ့တယ်
မျက်စိလည်ခဲ့တဲ့ ဘုရားပွဲဈေးမဟုတ်ဘူး
မျက်စိမှောက်နေကျ စူပါမားကတ်က ဖုဒ်ကော့ထ်မဟုတ်ဘူး
တဆိုင်တည်း သီးသန့်ဖြစ်ပြီး
ဈေးလည်းကွက်တိ၊ ရေမြေလည်းကွက်တိ။

တလျှောက်လုံး ရှာနေခဲ့တဲ့ဆိုင်အခင်းအကျင်းက
ဒါမျိုးဖြစ်လိမ့်မယ်၊
ငါ့လျှာက ရှာခဲ့တာ ဒီအစားအသောက်ဖြစ်လိမ့်မယ်၊
ပြတ်သွားခဲ့တဲ့ဖိနပ်တွေက ဒီမြေကိုရှာခဲ့တာဖြစ်မယ်၊
"နောက်ဆုံးတော့ ဒီသွားရည်စာကို တွေ့ပြီ" လို့ ကြုံးဝါးလိုက်တယ်
"ဒီ ဒီဇိုင်းကာလာကမှ ငါ့tasteကွ"လို့
ဖြတ်သွားဖြတ်လာတယောက်ကို လှမ်းအော်ကြွားလိုက်သေးတယ်။

ငါ တိုင်တည်တယ်။
ပြီးတော့ ငါ မှာယူလိုက်တယ်။

အခါခါသွန်ချခဲ့ရတဲ့လူက
ဒီနေ့ဒီရက်မှာ ဆာလောင်နေခဲ့သင့်တာ
ငါ့အစာအိမ်က တကြုတ်ကြုတ်မြည်ခဲ့သင့်တာဖြစ်ပြီး
တခုခုနဲ့တော့ဖြစ်ဖြစ် သဟဇာတဖြစ်နေခဲ့သင့်တာ။

အဆုံးကျတော့ လမ်းဘေးမှာ လက်ထိုးအန်လိုက်ရ
စားစရာကိုယ်စီကိုင်သွားကြတဲ့ လမ်းသွားလမ်းလာတွေကို လှမ်းမော့ကြည့်ရင်း၊
ခေါင်းပြန်ငုံ့လို့ ပျို့နေရင်း
အနားမှာရှိတဲ့ တယောက်ယောက်က ငါ့ကို ခေါ်ခဲ့တယ်။

ဘယ်bus-stopကများ ပါးစပ်ပါလို့လဲ
မှတ်တိုင်နံပါတ်(၂၄)ကတော့
ငါ့နာမည်ကိုခေါ်ခေါ်ပြီးတော့ ရယ်နေခဲ့တာ
"ဟေ့.. ဘာစားစား အန်တဲ့လူ.." တဲ့။

6/8/2024

----------------------------------------------------------

စာကြွင်း ။ ။ အိပ်မက်တွေကို စားစရာနဲ့ ခိုင်းနှိုင်းတင်စားခဲ့ပါတယ်။

Poems & Essays CollectionWhere stories live. Discover now