ချစ်သော နှောင် (၃)

4 1 0
                                    

ကိုယ် မင်းနဲ့လွဲပြန်ပြီထင်ပါတယ်
တနိုင်ငံလုံးကဘူတာရုံတွေမှာ ရှာခဲ့သေးတယ်..
ကျန်းမာအောင်နေဖို့၊ လတ်ဆတ်တဲ့လေကိုရှူဖို့
နေပါဦး ရထားရေ
ကိုယ်တို့မှ နှုတ်မဆက်ရသေးတာ..
ဘီးမလှိမ့်ပါနဲ့..ကိုယ်တို့မှနှုတ်မဆက်ရသေးတာ
မင်းရော၊ ရထားရော ကိုယ့်ကိုစိတ်မရှည်ခဲ့ကြဘူး။

တဆောင်းစာအနာကျက်ပြီး
ဒီနွေတော့ လွတ်လွတ်ကြီးအမြင့်ပျံဖို့
အကြိမ်ကြိမ်ခံဝန်ချက်ပေးထားရတဲ့ဥသြတကောင်လိုမျိုး
ငိုလည်းငိုချင်ပြီး ငိုလည်းငိုမချရက်ခဲ့တာတွေပါ။
လရောင်အောက်မှာ တယောထိုးဖို့
စားကျက်မြေမှာပုံပြင်ထိုင်ပြောဖို့
နေကြာရိုင်းတွေဆီမှာ စိန်ပြေးတမ်းကစားဖို့။

နှစ်ဦးသဘောတူစိတ်ကူးယဉ်ကြမယ်မဟုတ်ဘူးလား
ဆံနွယ်သင်းပျံ့ပျံ့တွေကို ရှိုက်နမ်းနေခွင့်ဟာ
ကိုယ်နဲ့လက်တကမ်းမှာရပ်နေပြီး
ကိုယ်ကပဲ တလှမ်းစီပြန်ဆုတ်နေရပါရောလား။

ကိုယ် မင်းနဲ့လွဲပြန်ပြီထင်ပါတယ်
မင်းနဲ့ ကိုယ်ဟာ စက်သွားတွေလိုမျိုး
လားရာတွေဆန့်ကျင်နေမှ
ကိုယ်စီကိုယ်ငှ ဘဝတွေအံဝင်ခွင်ကျဖြစ်မှာ
မေတ္တာယန္တရားဟာ ခုပဲတကျွီကျွီမြည်လို့
ရှေ့ကလမ်းခွဲကလေးမှာ ရပ်တန့်နေပြီတဲ့
ဒီလိုမျိုး လေပြည်ကခပ်တိုးတိုးကပ်ပြောသွားတယ်

အဲ့မှတ်တိုင်ရောက်ရင်တကယ်ဝေးကြရတော့မလားပေါ့
ကားနံပါတ်၂၀၂၈ကိုရှာစီးပါ
စပယ်ယာဆီက ထီးအညိုတောင်းပါ
မိုးလာခိုတဲ့ခိုနဲ့ စာပြန်ပါးပေးပါ
သည်လို တိခနဲ နှုတ်မဆက်ကြေးလေကွယ်။

ရွှေမှုံကြဲတဲ့တိမ်တွေ
တောင်စောင်းနားက ဒုဓလီပန်းတွေ..
အစွန်အဖျားမှာ တည်းတည်းကလေးရပ်လို့
ကိုယ်
မင်းကိုပတ်ပြီးရှာခဲ့တယ်
သွားပါပြီ အချစ်ရေ..
ကိုယ်လေ မင်းနဲ့လွဲပြန်ပြီထင်ပါတယ်။

Poems & Essays CollectionWhere stories live. Discover now