ခဲတံကိုလက်ကြားညှပ်တော့ အငွေ့တလူလူခေါင်းထောင်လာ
Toneမညီညာပြာအကြွေတွေ ဟိုတကွက်သည်တကွက်
လျှာနဲ့ခြယ်လိုက်တာ
လျှာနဲ့ပဲခြယ်လိုက်တာ။ငါတို့လက်ဖျံမှာ တသက်မကသောအသက်တွေ ဖရိုဖရဲထထခုန်ကြ
နေ့ဆိုရင်အိပ်ပျော်နေပြီး ညဖက်မှာပယောဂကပ်သလို အူမြူးကြ
ဒီနေ့ ငါမသေဘူးလေ
ဒီနေ့
ငါမသေသေးဘူး
တကယ်က စာရွက်ဖြူက ကုန်နှင့်ပြီ..။အဟောင်းသောမျက်နှာမှာ ခဲတံပြာကြွေနဲ့ ပွတ်ဆွဲခဲ့သမျှပေါ့
ကပ်တိုးလေးနမ်းရင်
သစ်သားနံ့မှိုင်းမှိုင်းကလည်း သင်းခနဲထွက်လာမှာပဲ
ငါမချစ်နိုင်တော့တာ စာရွက်ဖြူတွေကုန်နေပြီမို့လို့။တိမ်မှိုင်းပြာအောက်က ညစ်ထေးထေးကျက်သရေလေးကိုပဲ
ဦးထိပ်တင်ရ
အဲ့ဒီညစ်ထေးထေးကျက်သရေလေးကိုပဲ
ရှူရှိုက်ရ
ဘဝကလေ မိုးသံမစဲတဲ့ မင်ရည်ကြဲထမင်းတလုပ်ပဲ။ဝမ်းလျားမှောက်လိုက်လို့ အန်ထွက်သွားရင်ကောင်းမယ်
လည်ပင်နားတင်မှောက်ပြီး
အကုသိုလ်ကို အန်အန်ထုတ်ဦးမလို့
စကေးကျကျမြေပုံကို ဆောင့်ဆောင့်ခါပြီး ရိုက်ထုတ်မလို့
ဂလုံးဂလွမ်းနဲ့ အနာဂတ်တွေဒရောသောပါး ထွက်ကျ
ခဲတံတွေ ပေတံတွေအန်ကျ
နှစ်သစ်ကူးညတွေအန်ကျ
မီးပုံပွဲတွေအန်ကျ
ဘီယာလေးမစုပ်ရတာလည်း ကြာပြီကိုး။အဆန်းကြယ်ဆုံးက စိတ်ကူးတွေဖြစ်မယ်လို့ ထင်တာလား
ဒါမှမဟုတ် အိပ်မက်တွေဖြစ်မယ်လို့ထင်တာလား
စစ်တမ်းကောက်ကြည့်ကြမလား
လူအယောက်(၁၀၀)ရဲ့အဖြေက မနက်ဖြန် သို့တည်းမဟုတ် ဒီနေ့ပေါ့
လမ်းတလျှောက်လုံး ခလုတ်တိုက်ပွင့်သမျှက
ပန်ဒိုရာဘောက်စ်တွေချည့်ပဲမို့
ငါ့သူငယ်ချင်းပြောသလိုပဲ
ကျွန်တော်သေချင်တာတောင် မသေရဲပြန်ဘူး တဲ့
ဒီကောင်ဗဟိုပြုလည်နေတဲ့ ဝင်ရိုးကစိတ်ဝင်စားစရာပဲ။မဟုတ်ရင်
ငါလည်းဟင်းလင်းပြင်ထဲ ရမ်းခါလွင့်စင်သွားတော့မလို့
တွင်းနက်ထဲ အလိုတူအလိုပါ ရေဆင်းကူးတော့မလို့
အိပ်မက်ဆိုးကို တဖားဖားနဲ့ပေါင်းတော့မလို့။သန်းခေါင်ကျော်ရင် လူတွေနဲ့ တမာမြေကိုလွမ်းတဲ့အကြောင်း
ငါဟာမမူးဘဲ လိုက်ရစ်တယ်
ခေါင်းစဉ်တရာဆွေးနွေးပေမဲ့
နောက်ဆုံးဒီထောင့်ချိုးမှာ ပြန်တိုက်ကြတာပဲ
ယူကလစ်ပင်အောက် လမ်းတခေါက်လျှောက်ဖို့
သေလောက်အောင်ခက်ခဲနေပြန်တော့လည်း
ကိုယ့်ခြေကိုယ့်လက်ကိုကြည့်ပြီး ငိုရတာပေါ့
ငါတို့က အနာဂတ်ဒုက္ခိတတွေလို။တညပြီးတည ငါ့ဘာငါပဲနင်းခြေ
ကဗျာတွေတရက်ပြီးတရက်
ငါပြောခဲ့ပါတယ်
ဖွက်လိုက်တဲ့ ခဲတံမှာ တကယ်အငွေ့တွေမသေသေးဘူး
ငါ ရှို့ဖို့ မီးပျိုးခဲ့တာ
ပန်းချီမရှိတော့ဘူး
ကဗျာလည်းရှိဖို့ အာမမခံဘူး
နူးညံ့စိတ်ကလေးရှိဖို့မသေချာတော့ဘူး
မာနကြီးကြီးစာရွက်တွေကို ဈေးကြီးပေးပြီးလိုက်မဝယ်တော့ဘူး
မျက်တောင်တဖျားစာအသက်လေးကို
အနာဂတ်နုဿတိပွားရင်းအသက်ရှူနေရတာ
ငါရတဲ့ဘုရားစာကလည်း ဒါပဲ
ငါရွတ်တဲ့ဘုရားစာကလည်း ဒါပဲ။အသံတွေကွဲ၊ အသည်းတွေကွဲပြီး အမှောင်ထုက မကွဲဘူး
ငါတို့မကြိုက်ခဲ့ဖူးတဲ့ menuအတွက်
အဲ့ကော်ဖီကို ကန်ထုတ်ပစ်ဖို့ ကောင်းကင်ယိုတဲ့မိုးကို
လက်ခုပ်နဲ့ခံနေကြသူတွေလိုလေ
မသေချင် - မရှင်ချင်၊ မသေရဲ - မရှင်နိုင်ဘဝနဲ့
ငါတို့ ရှင်လျက်သေရင်း
မသေဖို့ ရှင်ရတာပဲ။လူငယ်တွေ အသက်မြန်မြန်ကြီးလာတဲ့ခေတ်မှာ
ဆံပင်တွေ အထွေးလိုက်လိုက်ကျွတ်တာကလည်း
အရေးမပါတော့ပါဘူးမလား။
ကြုံရာလမ်းကိုဝင်လျှောက်ပြီး
လက်ဖက်ရည်တခွက်ဖြစ်ဖြစ်မှာသောက်ရတော့မယ်
အဆင်ပြေတဲ့ဖိနပ်တရံနဲ့ပဲ
တံခါးကို ထပ်ပြီးကန်ဖွင့်ရမယ်။အရာအားလုံးကျိုးပျက်သွားခဲ့ရင်
ငါ့ကဗျာလေး အသက်ပြန်ဝင်လိမ့်မှာ
ဈေးကြီးကြီးစာရွက်တွေ ပြန်ဝယ်မှာ
ခဲတံဖျားကမီးကို ငြှိမ်းသတ်ပစ်မှာ
ဓားပါးလေးကိုဖြစ်ဖြစ် ပြေးနမ်းလိုက်မှာ
စာရွက်ဖြူတွေ ရှင်ပြန်ထမြောက်မှာပေါ့
ကောင်းကင်ဝင်ရိုးကို ဗဟိုပြုလည်ပတ်ခဲ့ကြောင်း
ခပ်ပြုံးပြုံးပြောလိုက်မှာ
ငါလည်း
ပြန်ချစ်ရင် ချစ်တတ်လိမ့်မှာပေါ့
ဒီလက်ဖျံလေးကို ငုံ့ငုံ့ကြည့်ပြီးတော့
တီးတိုးစကားတွေ ပြောမိလိုက်မှာ
ဒီနေ့ထိ ငါမသေခဲ့ဘူး လို့။