ကျောင်းပန်းချီအသင်းထဲက ပန်းချီဆွဲဖော်ဆွဲဖက် အပေါင်းအဖော်နှစ်ယောက်အပါအဝင်၊ သုံးယောက်သား မနက်(၂)နာရီအထိဘီယာသောက်ပြီး ကျုံးနံဘေးပလက်ဖောင်းပေါ်မှာ တညလုံးတန်းစီအိပ်ကြဖို့ စိတ်ကူးမိတာ လွန်ခဲ့တဲ့ ၂၀၁၉-၂၀လောက်တုန်းက။
နန်းရှေ့ပြင်ဆိုင်မှာမှ မျက်နှာဖုံးခွာချင်တယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ်လက်ပတ်နာရီတလုံးလည်း ရှိတယ်။ ငါ့အိပ်ကပ်ထဲမှာပေါ့။ အဲ့ဒီကောင် ငါစာမေးပွဲဖြေရမယ်ဆိုတဲ့နေ့ရဲ့ မနက် (၆)နာရီ (၁၅)မိနစ်လောက်မှာ သတိလစ်သွားတာ။ (၁၉)လမ်းပေါ်မှာ တန်းစီနေတဲ့မုန့်ဆိုင်တွေအနားက မဖြတ်သွားရမချင်း ကိုမာ(coma)ဝင်နေဦးမယ့်ပုံပဲ။
နွေရောက်ခါနီး မနက် (၆)နာရီ (၁၅)မှာနိုးတယ်။
တကယ်က မအိပ်ခဲ့သလောက်ပဲ။ (၃)ရက်ဆက်တိုက်ထိုးသွပ်ထားတဲ့ စာတွေကို စာမေးပွဲခန်းထဲမှာ တဝေါဝေါအန်ချတော့ သြော.. ငါ ဒီလောက်ဆို အောင်မှတ်တော့ ရတန်ကောင်းရဲ့။ ပိုနေတဲ့အချိန်တွေ ပုံထိုင်ဆွဲလိုက်တယ်။ ။ ငါလည်းစာရတဲ့သူမဟုတ်လေတော့စာမေးပွဲခန်းထဲက ကြာချိန်သုံးနာရီဆိုတာကို ဒူးနန့်စောင့်ဆိုင်းနေဖို့ကလွဲပြီး တခြားမရှိပါဘူး။ ဘာနေနေ (၁၂)ထိုးရင်တော့ ဒီအခန်းထဲက ထွက်ကိုထွက်ရမှာပဲလေ။အဲဒီနေ့ည(၁၁)ကျော်မှာ သတင်းတွေနိုးတယ်။ ကျောင်းသားတွေကအိပ်လို့။ အဲဒါနဲ့ သတင်းတွေက ကျောင်းသားတွေကိုနှိုးကြ။ ကျောင်းသားတွေက ကျောင်းကိုနှိုးကြ။ ကျောင်းတွေက ကျောင်းအချင်းချင်းပြန်နှိုးကြ။ ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့ အုတ်အော်သောင်းတင်းကလေးပေါ့။ ရန်ကုန်က မန္တလေးကိုလှမ်းအော်နှိုး။
နှစ်အဆက်ဆက် ကုန်ပစ္စည်းတွေ ဈေးတရိပ်ရိပ်တက်ခဲ့တာ အားလုံးသိပြီးသားပဲ။ အဲဒီနှစ်ကတော့ မိုးပြာရောင်ဂျင်းတထည်ထက် မိုးပြာရောင်နှာခေါင်းစည်းက ပိုပြီးရေပန်းစားတဲ့နှစ်ပေါ့။ ည(၁၁)ခွဲမှာ လိုတာထက် ပိုဆူညံခဲ့ပြီး နောက်တနေ့ညနေ(၄)နာရီခွဲတော့ အဆောင်မှာ ထင်တာထက် ပိုတိတ်ဆိတ်သွားပြန်ရော။
သုံးလအကြာမှာ ကျောင်းပြန်ဖွင့်စေချင်ပြီ။
အခန်းထဲလူစုပြီး အရက်သောက်ချင်ရုံလေးပဲ။ အတန်းထဲမရောက်ပေမဲ့ ကျောင်းကိုတော့ဖြင့်လွမ်းတတ်တယ် ဆိုသလို။ တချို့လူကြီးတွေဟာသနှောရင်း ဆူကြဆဲကြသလိုပါပဲ။ မင်းတို့ နည်းပညာတက္ကသိုလ်ကျောင်းသားတွေများ ဖဲလည်းရိုက်တယ်၊ အတန်းလည်းလစ်တယ်၊ အရက်လည်းသောက်တယ်ဆိုပဲ။ ခေါင်းပြန်ခါပြစရာလည်း သိပ်မတွေ့ပါဘူး။ မန္တလေးထုတ် Ginတပုလင်းက အခန်းထဲမှာ ကုန်မှမကုန်သေးဘဲကိုး။ စားလက်စ,ဟင်းဘူးတွေပါ ကျန်နေခဲ့သေးတာဆိုတဲ့ ဗြုတ်စဗျင်းတောင်းနိုင်မှုတွေရောပဲ။