လောကကြီးမှာ
'ပြည့်စုံခြင်း'ဆိုတဲ့စကားလုံးမရှိဘူးတဲ့အချစ်ရဲ့။လူတွေဟာ ကျားကုတ်ကျားခဲထွက်ရှာကြတယ်
နေ့မနား၊ ညမအား
ပြည့်စုံခြင်းကို ပိုးပန်းကြ
ရတနာကိုးပါးနဲ့တင်တောင်းကြ
တောတွေ၊ တောင်တွေ၊ တိမ်တွေ
ဟိုးသမုဒ္ဒရာအောက်အခြေနဲ့
လိပ်ပြာအတောင်ပံရဲ့အမှုန်ငယ်တွေကြား
မသေဆုံးသောဝိညာဉ်များဟာ ရှာခဲ့ဖွေခဲ့လိုက်ကြတာ။အာဒံနဲ့ဧဝ တွေ့ခဲ့တယ်။
ကာလီဒါသ တွေ့ခဲ့တယ်
နယူတန်ရဲ့ပန်းသီးမှာမဟုတ်ဘူး
ရင်ကိုထိုးတဲ့ကတ်ကြေးမှာ ဖြစ်တယ်။
ဘုရားသခင်တားမြစ်တဲ့အသီးမှာ ဖြစ်တယ်။
သူဟာကမ္ဘာတလွှားမှာခြေဆန့်လို့
လက်ျာတောင်ကျွန်းက ပဒေသာပင်မှာလည်းသီးခဲ့တယ်။တရက်ပေါ့
အဲဒီပြည့်စုံခြင်းတရားက ၁၉၉၈ခုနှစ်မှာပျောက်ဆုံးသွားတယ်
တကမ္ဘာလုံးဆူဆူညံညံပေါ့
သတင်းစာခေါင်းကြီးပိုင်းမှာ ပါလာပြီး
လူပျံတော်ဂျာနယ်လစ်တွေဝင်ငွေတိုးသွားသတဲ့
သူတို့လည်းရှာမတွေ့ပြန်ပါဘူး။နောက်တော့
လောကကြီးမှာ ပြည့်စုံခြင်းဆိုတာ မရှိပါဘူးတဲ့
လူတွေက ဒီလိုပဲပြောလိုက်ကြတော့တယ်။ဘယ်သူမှ မသိခဲ့ဘူး
ဘယ်သူကမှ မသိခဲ့ကြဘူး။
တဦးတလေကမှ မရိပ်မိခဲ့ကြဘူး
၁၉၉၈ခုနှစ်မှာ
ချန်းတယောက် အပိုင်သိမ်းသွားတယ်ဆိုတာကိုလေ။