အစွယ်ထွက်တဲ့ နေ့ (၁)

4 1 0
                                    

ဘာမှမရှိဘူး၊ ဘာမှလည်းမဖြစ်ချင်ဘူးရဲ့နောက်မှာ
အရာရာဖြစ်ချင်နေတာလည်း ဖြစ်နိုင်တယ်
အရာအားလုံးကို ရချင်တာလည်းဖြစ်နိုင််တယ်။

ဘာမှမရှိတော့ဘူး
လက်ဆုပ်လက်ကိုင်ပြလို့တော့ရပြီး
တကယ်ချပြစရာဘာမှမရှိခြင်းမှာ ဘာမှလည်းဆက်မဖြစ်ချင်
ရှင်သန်ချင်သေးလား မေးခွန်းအတွက် ဟင့်အင်း
သေဆုံးချင်လို့လားဆိုလည်း ဟင့်အင်းပဲ
ဒါဖြင့်ရင် ဘာဖြစ်ချင်သလဲပေါ့
ဆိုတော့...ငါတကယ် ဘာမှမဖြစ်ချင်တော့ဘူး။

တကယ်ကကွာ
တိမ်တွေဖြစ်ချင်တယ်
မိုးစက်တွေလည်းဖြစ်ချင်တယ်
သစ်ရွက်တွေလည်းဖြစ်ချင်တယ်
ပေါ့ပါးချင်လို့လည်းမဟုတ်၊ အေးမြချင်လို့လည်း မဟုတ်၊
လတ်ဆတ်ချင်လို့လည်းမဟုတ်
ငါခုန်ချချင်လို့ပါ
ငါ ခုန်ချချင်လို့
ခုန်ချပစ်ပြီး မသေခဲ့ရင် ပျော်ရမှာပဲမဟုတ်ဘူးလား
ဘာမှမဖြစ်ချင်တာတွေလည်း ပြုတ်ကျကျန်ရင်ကျန်နေခဲ့မှာပေါ့။

တလောကလုံးကို စိတ်ကုန်နေပေမဲ့
တကယ်စိတ်ကုန်ဖွယ်ရာအပိုလူက
ကိုယ်တိုင်ဖြစ်နေမှန်း သိသွားတဲ့နေ့ဟာ
မိုးအုံ့တဲ့နေ့ပဲ။

တကယ်က မိုးသည်းရင်လည်း သည်းမယ်
နေကျဲကျဲလည်းပူနိုင်တယ်
တခုခုကတော့ အဆုံးစွန်အထိ ကကြိုးဆင်နေဦးမှ ဖြစ်မယ်
ရောင်ကာယောင်ကာပဲဖြစ်ဖြစ် တောက်ခတ်ချင်စမ်းပါရဲ့
ခပ်ပြင်းပြင်းကလေးပေါ့
တခုခုကတော့ အဆုံးအစွန်အထိ ပျံဝဲနေမှဖြစ်မယ်။

အရာအားလုံးဟာ အစွယ်တွေနဲ့
အရာအားလုံးဟာ မျက်ထောင့်နီတွေနဲ့
ရန်လိုတတ်တဲ့စက်သွားတွေလည်း တကျီကျီနဲ့
ဘယ်လိုညနေခင်းတွေလဲ
စိမ်းစိမ်းကားကားရှိလှတယ်။

ချီးကျူးစကားမှာ မပြုံးပြချင်ဘူး
နားရွက်အဆွဲခံထားရတာနဲ့ မကာမိသေးဘူး
ခလုတ်တိုက်တာနဲ့ပဲ တကမ္ဘာလုံးကိုစိန်ခေါ်လို့
အားမရှိခွန်မရှိလက်ခမောင်းခတ်နေတာက ခွေးပိန်တကောင်မာန်ဖီသလိုမျိုးပဲ
ငါကပဲအစွယ်တွေနဲ့.. ငါကပဲမျက်ထောင့်နီနဲ့
လမ်းမကြီးဟာလည်း စိမ်းစိမ်းကားကားရှိလှတယ်။

ဒီလိုပဲပေါ့
ပန်းတွေပွင့်လာပြီအထင်မှ မြှောက်ခနဲရိုက်အချခံရတဲ့နေ့ရက်များပေါ့
တကယ်မရှိရင်ကောင်းမယ်
တကယ်မပွင့်တော့ရင် ပိုတောင်ကောင်းဦးမယ်
ဘာကမှ မလှတော့ဘူး
ခရီးတွေအကုန်လုံးဟာ ကောက်ကွေ့
ဘာလို့တလမ်းမောင်းကိုပဲ ရွေးနေမိတာလဲ
ဘာလို့ အချိုးအဆစ်တွေများတာလဲ
မနက်ခင်းတွေမှုန်မှိုင်းနေပြီဖြစ်ကြောင်း သတိပေးစာလာကပ်တယ်
ဘယ်ကောင်ကများ မီးစမွှေးခဲ့တာလဲပေါ့
နည်းနည်းမှမစီးဆင်းချင်သူငါက
လက်ထဲမှာမီးခြစ်ကိုင်ထားတာတဲ့လေ။

ဆိုပါတော့ကွာ
ရိုက်စစ်စရာလည်းမလို မူးယစ်စရာလည်းမလိုဘဲ
ငါသည်သာတရားခံဆိုပြီး
မရှိတရားရော အရှိတရားတွေဆီပါ ပြေးပြေးတိုင်ဖြစ်တယ်
လာကပ်လှည့်ဖို့ လာဆိုက်ပါလို့ခေါ်ခဲ့တဲ့ကမ်းတွေကို
ဘယ်တော့မှ ထပ်ပြီးအယုံအကြည်မရှိတော့တာသေချာတယ်။

ငါ့တရားကို ငါပဲစီရင်တယ်ဆိုပြီး
ငါပဲ တရားသူကြီး၊ ငါပဲ တရားလို၊ ငါပဲ တရားခံ..
ငါ့ကိုယ်ငါ ဆုချလိုက်၊ ငါ့ကိုယ်ငါ ရိုက်ပုတ်လိုက်
ရက်သတ္တပတ်တခုလုံးစာ အောက်စီဂျင်ငတ်နေရောပေါ့
ဒီတစ်ခေါက်ရေမျက်နှာပြင်ပေါ်ပေါ်ရင် ငါ-ိုးမလောကကြီးကွာ လို့ ဆဲမယ်စိတ်ကူးထားတယ်
ရိုင်းပျရခြင်းကို ယဉ်ကျေးမှုအချိုပွဲလို စာသုံးချင်မိတဲ့
ခေတ်တခုကို ဝတ်ဆင်ထားပြီးတော့ပေါ့။

စိတ်အမှိုက်အတွက် မြေတကွက်ဝယ်လိုက်တယ်
ပြီးတော့ တရေးတမောလောက် ဝင်အိပ်ဖြစ်တယ်
နိုးလာရင် ပြန်အိပ်ချင်လည်း အိပ်မှာပေါ့
မစီးဆင်းချင်တာမဟုတ်ဘဲ ချောင်အပိတ်ခံနေရတာကို
အဲ့ဒီအမှိုက်တွေကြားမှာပဲ တကိုယ်တည်းပြောလိုက်တော့မယ်
ငါ့မီးခြစ်က
မလောင်ဖူးသေးတဲ့ ထောင့်ချိုးတွေဆီ မီးညှိရုံသပ်သပ်ဆိုတာကို..။

Poems & Essays CollectionWhere stories live. Discover now