တခါတုန်းက တမာမြေ (၂)

2 1 0
                                    

ဘဝကြီးဟာ ကင်းဗတ်စတခုဆိုရင်
အတောက်ပဆုံးက အဖြူအပြာဆေးစက်တွေပဲ
ငါတို့က ခဲရာခဲဆစ်ခြယ်ခဲ့တာ
ပျော်ပျော်ပါးပါး ခြယ်ခဲ့တာ၊ ချွေးစက်တွေနဲ့ ခြယ်ခဲ့တာ
ခြောက်နှစ်စာဖြည့်ရမယ့် outlineထဲ
ပျိုမျစ်မှုတွေနဲ့ ရောနှောမြှုပ်နှံခဲ့တာ။

ဟောဟိုမှာ စိန်ခနောက်
နိုင်ငံခြားရောက်ဖို့ တောင်နှစ်လုံးကိုတနေ့တည်းအပြီးတက်မယ်ဆိုတဲ့
စီနီယာများကိုလည်း လွမ်းရဲ့
ကုန်းရုန်းတက်ရင်း မေတ္တာတရားကလေးကိုလည်း
ငေးမိခဲ့ကြရဲ့
နုပျိုခြင်းအတိတ်ထဲမှာ
မြခနောက်ဟာလည်းအဓိကဇာတ်ကောင်။

မနက်ရှစ်နာရီလက်ဖက်ထမင်းကပဲ မြိန်ရာဟင်းကောင်း
နန်းထိုက်က ထမင်းပေါင်းပြီးတော့
မကြာခဲ့သေးသောနှစ်တွေမှာ
အမေရီကာနိုရောက်လာတယ်
အိတ်စ်ပရက်စိုရောက်လာတယ်
ပိုက်ဆံငါးရာနဲ့ ဘဝဖြစ်ခဲ့ခြင်းများပေါ့
စွယ်တော်နီတွေမွှေးတဲ့အရပ်မှာ
ဒေါ်ဂွက်နဲ့အကျိဆိုင်ကို အိမ်လိုသဘောထားခဲ့တယ်။

အဲ့ဒီမှာ တရားလည်းနာတယ်
အစည်းအဝေးလည်း ထိုင်တယ်
ဟင်းတွေလည်း ဝင်ချက်တယ်
ကိုရီးယားအဆိုတော်တွေလည်း အစုံရောက်လာကြတယ်
ပင်မဆောင်ရဲ့ စုဝေးခန်းမပြီးရင်
ဓမ္မာရုံဟာ ဒုတိယမြောက်ဘက်စုံသုံးခန်းမပေါ့..
လွမ်းတယ်။

ပင်မဆောင်ခေါင်မိုးထပ်ကို သော့ခတ်တုန်းက
မကျေနပ်ခဲ့ဖူးတာကို အောက်မေ့မိသေးတယ်
သော့ပြန်ဖွင့်ပေးချိန်ကျတော့ မရောက်ဖြစ်ခဲ့ပြန်ဘူး
အခုလည်း ငါတို့မရောက်ဖြစ်တာ နှစ်ချီနေရဲ့မဟုတ်လား
ရေတမာပင်ထောင့်စွန်းဟာ ဓာတ်ပုံရိုက်ဖို့အလှဆုံးဆိုတာ
အချင်းချင်းလက်တို့ရဦးမယ်။

ငါတို့မသိခဲ့တာတွေများတယ်
စီနီယာတွေဖျော်တဲ့ကော့တေးဟာ အချိုရည်နဲ့ပဲမဟုတ်မှန်း
ငါတို့မသိခဲ့ဘူး
ရေခဲနဲ့ ဖရဲသီးတင်ပဲထည့်ခဲ့တာမဟုတ်သလို
ငါတို့သောက်မျိုခဲ့သော ပြာလဲ့လဲ့အရည်များဟာ
ရိုးရိုးယမကာမဟုတ်ခဲ့ကြောင်း ငါတို့မသိခဲ့ဘူး။

ငါတို့မသိတာတွေများတယ်
လွတ်လပ်ခြင်းတွေထည့်ဖျော်ခဲ့တာကို ငါတို့လည်းမသိခဲ့
စီနီယာတွေလည်းမသိခဲ့
အသံကွဲအောင်ဟစ်အော်ပြီး
ဖိနပ်ပြတ်အောင် ခုန်ပေါက်ပစ်သောညများမှာ
ငါတို့ဖွင့်ခဲ့တာ လွပ်လပ်သောသံစဉ်များဆိုတာမသိခဲ့
ဝေးနေရရင် အရာအားလုံးဟာ တန်ဖိုးတရိပ်ရိပ်တက်လာပေါ့။

Poems & Essays CollectionWhere stories live. Discover now