ပုပ်သိုးသိုးညနေတွေကို
မထွေးနိုင်မအန်နိုင်တစ်ဆို့နေခဲ့တာလည်း ကြာပေါ့
'2021နေ့စွဲများ'ခေါင်းစဉ်နဲ့
ရေဒီယိုမှာ ငါတို့မကြိုက်ခဲ့တဲ့ menuအကြောင်း လွှင့်နေတယ်။ညနက်တွေရယ် လမ်းမတွေရယ်တွေ့တော့
စကားစမြည်ပြောဖြစ်ကြသတဲ့...ညနက်က လမ်းမတွေကို မေးတယ်
'ဟေ့ကောင်တွေ အဆင်ပြေကြလားကွာ' တဲ့
အဲ့ဒီမှာ လမ်းတွေကလည်း တယောက်တပေါက်ထဖြေကြတယ်
'ငါ့ပုခုံးပေါ်မှာ အကျိုးအကြေတွေ'
'ငါ့အဆုတ်ထဲ ယမ်းခိုးတွေ' တဲ့
အဲ့လိုဆူညံနေတုန်း ခေါင်းဆောင်ဖြစ်ပုံရတဲ့ လမ်းမကြီးက
ညနက်ကိုပြန်မေးတယ်
'မင်းရော တယောက်တည်း အဆင်မှပြေရဲ့လား ငါ့ကောင်ရာ..'ညနက်က ပြန်ဖြေတယ်
'နံရံနားကိုကပ်နားထောင်လိုက်တဲ့အခါ
မင်းတို့ဆီက ညှီနံ့တွေ၊ ရေစက်တွေ၊
ချွေးစက်တွေ၊ အနုတ်လက္ခဏာတွေကို
မှောင်လာတိုင်း ကြားရတယ်
အဲဒီရှိုက်သံတွေ' တဲ့
ဒီလိုနဲ့ ညနက်ဟာ နေ့တိုင်းနေ့တိုင်း ရင်နာနေရတယ်တဲ့
ပြီးတော့ အကုန်လုံးတိတ်ဆိတ်ကုန်ရော။ဒီတံခါးကိုဖွင့်လိုက်တာ အကုန်အကျိုးအပျက်တွေချည့်
ကဗျာအကျိုးတွေ၊ သီချင်းအပြတ်တွေ၊
ပန်းချီအပိုင်းတွေ၊ ဘဝအမှုန်တွေ
သေလျက် ရှင်သောနာမည်တွေနဲ့ ရှင်လျက် သေသောဘဝတွေ
ငါတို့ရခဲ့ပေါ့
ဒီပန်းကိုလှမ်းခူးလိုက်ချိန်ဟာ
လောကီငရဲတံခါးကိုဖွင့်လိုက်တာပေါ့
နာတယ်။ခြောက်ကပ်ကပ်ကြီးပေမဲ့ ရယ်ရတယ်
အနာဂတ်ကိုပဲ စိတ်ကူးယဉ်ထားခဲ့သူတွေအားလုံးဟာ
ပစ္စုပ္ပန်မှာ အလုအယက်ကူးနေရပုံများ
ရယ်ရလွန်းလို့ မျက်ရည်တွေ၊ နှပ်တွေပါထွက်
ရယ်ရလွန်းလို့ ရင်ဘတ်တွေတောင်အောင့်ရဲ့ကွာ။
ငါ့သူငယ်ချင်းကပြောတယ်
မနက်ဖြန်အတွက် ဆက်ပြီးဆွဲဆန့်ထားကြရအောင်
ငါကလည်းပြန်ပြောလိုက်တယ်
မနက်ဖြန်ရောက်လာရင် နည်းနည်းပိုတောင့်ခံရအောင် လို့
တကယ်ကဒီနေ့ပဲ ငါတို့စိတ်ထဲမှာ ခုန်ချပြီးနှင့်ကြပြီ။ညနက်က ငြိမ်နေရာကနေ ရုတ်တရက်ထပြောတယ်
'ငါ ကော်ဖီစွဲနေပြီ' ဆိုပဲ
ဟေ့ကောင်လျှော့သောက် မင်းသေလိမ့်မယ်လို့ သတိပေးတော့
သူ ရယ်တယ်
ရင်ဘတ်ကိုဖိဖိပြီး ရယ်တယ်
အူလှိုက်သည်းလှိုက်ရယ်ထားရလို့ထင်တယ်
ရင်ဘတ်ကိုဖိထားကာမှ စကားဆက်ပြောနိုင်တယ်
ဒီနေ့မသေလည်း တရက်ရက်သေသွားကြရမှာပဲ
အရာအားလုံးက သူ့နည်းသူ့ဟန်နဲ့အဆုံးသတ်ကုန်မှာပဲတဲ့
ပြောပြီးတော့ ထပ်ရယ်ပြန်တယ်။ညတွေအိပ်မပျော်ဘူး
ဘဝကအဆင်မပြေဘူး
ညနက်က ညမှာ အိပ်မပျော်ဘူးဆိုတဲ့ ဝေ့လည်ကြောင်ပတ်စကားကြီးပေါ့
ဟုတ်တယ်
ငါဟာငါ့ကိုယ်မှာ မပျော်တော့ဘူးပေါ့
ကဖိန်းဓာတ်နဲ့ အနာက တဖြည်းဖြည်းပြည်တည်လာတယ်..ညနက်က ထအော်တယ်
ငါကော်ဖီကို စောက်ရမ်းရွံနေပြီကွတဲ့
ငါသောက်တာမဟုတ်ဘူး၊ ငါကြိုက်တာမဟုတ်ဘူး၊ ငါက စွဲတာ မဟုတ်ဘူး
အဲ့ဒီသေတ္တာပွင့်တဲ့နေ့က အဲ့ကော်ဖီက ငါ့ကိုလာစွဲတာ
အဲ့ကဖိန်းမှာ ငါ့အနာရင်းတာ
တဆစ်ဆစ်ကိုက်လို့အိပ်မရတဲ့ နာရီတွေမှာ
မလုံ့တလုံခေါင်မိုးကနေ
မျက်ရည်တွေဟာ တပေါက်ပေါက်နဲ့ယိုစီးနေတာ..
ပြောပြီးတဲ့နောက် ညနက်ကသံရှည်တချက်ဆွဲတွန်လိုက်တယ်
အာရုံလည်း ကျင်းပြီပေါ့
ကော်ဖီဆိုင်ဖွင့်ပြီပေါ့
သူ့လက်တွေ တုန်ယင်လာတယ်။ခပ်ကျုံ့ကျုံ့လေးလက်ပိုက်ထားတဲ့မနက်ခင်းကို
အမှိုက်ပုံကြီးထဲ စွတ်တရွတ် ဆွဲခေါ်ခံလိုက်ရတာ တွေ့တယ်
ဟ! ဘယ်လူ့ငနွားက ကာစတမ်မာကိုအတင်းထိုးရောင်းသလဲပေါ့
အဲ့ကော်ဖီဆိုင်လေ
မီးတဆ
မင်းဆိုးညစ်တဆ
ခိုးသူတဆ
မချစ်မနှစ်သက်ရသူတွေ တဆနဲ့
လာဘ်တိတ်နေတဲ့ ကောင်တာပေါ်မှာ
ရန်သူမျိုးလေးပါး ဖောအင်ဝမ်းကော်ဖီတခွက်က အငွေ့တထောင်းထောင်း
မနက်ခင်းခမျာအတင်းကြိတ်မှိတ်မျိုချနေတာကြည့်ပြီး
ညနက်ကမချိုပြုံးပြုံးလို့ အငွေ့ပျံသွားတယ်။
ဒဏ်ရာအပြည့်လမ်းမတွေက ပြဲရာအပြည့်နဲ့ ဆွယ်တာတွေ
ကောက်စွပ်တယ်
အဲဒီနောက် ငြိမ်ငြိမ်သက်သက်လဲလျောင်းလိုက်ကြသတဲ့။ပြီးတော့ 1221မက်ဂါဟက်ဇ်က တဂျစ်ဂျစ်နဲ့ဆူလာတယ်
ငါလည်းပဲ အိပ်မရလို့အုံခဲနေတဲ့ခေါင်းကို တချက်ထုရင်း
ဒရင်းဘက်ပေါ်ကနေ ပြန်အထ
ရေဒီယိုက ဇာတ်လမ်းအဆုံး
စားပွဲပေါ်ကို ငါတောက်ချလိုက်တာ
ငါ့မျက်ရည်တွေပဲဖြစ်နေပြီး
ငါ့စားပွဲမှာ ချဉ်စုပ်စုပ်ပူလောင်လောင်ကော်ဖီတခွက်ကို
မအံ့မသြ ငါတွေ့လိုက်တယ်
ဒီနေ့လည်းပဲ
ငါမကြိုက်တဲ့ menuက
ငါမမှာဘဲ ရောက်နေပြန်ပါရော။