တခါတုန်းက တမာမြေ (၁)

3 1 0
                                    

တက်သုတ်ရိုက် ခေါက်ထည့်လာတဲ့uniformကိုဖြန့်ချတဲ့အခါ
မန္တလေးရနံ့ဟာ
နှာခေါင်းဖျားကနေ စိတ်ကိုင်းဖျားအထိ စီး..ဆင်း
အခုဆို အဓိပတိလမ်းဘေးက ငုတွေ
ရော်နေတော့မှာပဲ။

အသီးတွေတသီကြီးနဲ့
သူ့ထက်ငါအပြိုင် ကြွားနေကြလိမ့်မယ်
သံလွင်လမ်းက သရက်ပင်တွေလေ
သူ့ထက်ငါအပြိုင် ကြွားနေကြလိမ့်မယ်
မန်းသီရိဆောင် အဆောင်နံပါတ်(၅)နဲ့(၆)နံဘေးကသရက်ပင်တွေပေါ့..
အသီးတွေတသီကြီးနဲ့။
မိုးကလေးများညိုတဲ့ရာသီဆို
ဖြိုးစတိုးမှာ တထောင်တန်ငါးပိထောင်းရောင်းလေ့ရှိတယ်
အဲသဟာနဲ့ ကွန်ကရစ်လမ်းနံဘေးသရက်သီးနဲ့
သိပ်လိုက်ဖက်တာကွာ
ဇွန်းမပါလို့တမာရိုးနဲ့ထိုးထိုးပြီး ခပ်ရတာများ သတိရမိသေးတော့။

မိုးနံ့စစ်စစ်ကိုရှူချင်ရင် ပင်မ,ဆောင်ခေါင်းပေါ်တက်
တောင်တန်းရနံ့နဲ့ရောလို့များ ရှိုက်ချင်ရင်
ပင်မ,ဆောင်ပခုံးမှာရပ်
ပထမထပ်မှာတော့ တမာရနံ့ကလေးမွှေးပြီး
မြေသင်းနံ့ဟာ အောက်ဆုံးအထပ်မှာပြေးနေပါလိမ့်မယ်..။

မိုးများကောင်းပြီဆို ဒေါ်ဂွက်ကကြာဆန်ချဉ်စပ်ဟာ
အရသာအရှိဆုံးပဲ
ကြက်သားထူထူ ဟင်းရည်ပူပူ ကြာဆန်ဖြူဖြူ နဲ့..
မှိုင်းညို့တဲ့တနင်္ဂနွေတခုအကြောင်း
ပြန်ပြောင်းအောက်မေ့ပါရဲ့
Deliveryနဲ့မှာထားတဲ့အာလူးမာလာပူပူကလေးကလည်း
နံဘေးမှာက အသင့်ကိုး။

ဒါနဲ့
ဌာနဝင်းထဲက မိုးဦးပွင့်ခရေဖြူ လေးတွေများ
ဘယ်သူတွေ ဆွတ်ကြမလဲ
ရူပဗေဒပရက်တစ်ကယ်ချိန်များဆို
ပန်းလာခူးတဲ့ကလေးတွေဆီပဲအာရုံရောက်ခဲ့တာ
လွန်ခဲ့တဲ့နှစ်များဆီကပေါ့..
ပြန်ရှာကြည့်ရင် ကချင်လွယ်အိတ်အနီလေးထဲ
ပန်းခြောက်တွေမွှေးနေလိမ့်ဦးမယ်..
ကျောင်းပြန်ဖွင့်ရင်လေ
တကုံးကြီးသီပြီး ပုံနှိပ်စာအုပ်ထဲ
ညှပ်လို့သိမ်းဦးမယ်။

ကတ္တရာလမ်းဟောင်းရဲ့အနာတရတွေထဲ
ဝင်အိုင်နေတဲ့ တိမ်ရည်ပျော်တွေ
ဝါးရွက်ဖျားက မိုးရေစက်တွေ
စွယ်တော်အနီတွေကြွေခင်းထားတဲ့လမ်း..
ထင်းရှူးပင်ရဲ့မိုးစိုထားတဲ့ရနံ့..
ကဲ..အခုလောက်ဆို ဓမ္မာရုံနားမှာ
စပယ်တွေဖွေးဖွေးလှုပ်အောင် ကခုန်နေကြရော့မယ်။

မှိုင်းညို့နေတဲ့မြခနောက်ကို
နောက်တခေါက်လောက်လူစုပြီးတက်ကြဦးစို့ရဲ့
အခါးရည်ကလေးနဲ့ဆို
စပါးကွင်းနံဘေးမှာ သိပ်ထိုင်လို့ကောင်းတာ..
မိုးက အေးအေး လေက ပြေးပြေးနဲ့
ကန်သင်းပေါင်ပေါ်ထိုင်ပြီး
အသည်းကွဲခဲ့ရခြင်းများကို နတ်သံနှောလို့ပြောကြတာပေါ့။

drawing tubeထဲ မိုးရေဝင်မှာထိတ်ရတဲ့ခံစားချက်
ခေတ်ဟောင်းတေးနဲ့စောင်ထူထူတထည်
အဝတ်တွေခြောက်ခါနီးမှ ရွာတဲ့မိုး
ခြေထောက်ကိုလာလာစင်တဲ့ ရွှံ့တွေနဲ့
T1 - 2ဆောင်တွေအရှေ့ကအုတ်ခဲကျိုးတွေ
မနေ့တနေ့ကဝင်လာတဲ့မုတ်သုံမိုးနဲ့အတူ
ကိုယ်တို့တတွေဟာလေ
မသိမသာလေးမျှော်နေကြ။

MTUမြေနီကွင်းတွေပေါ် တဘိုင်းဘိုင်းနဲ့ချော်လဲဖို့
ခြေဗလာတွေ တရွရွဖြစ်နေကြလောက်ပြီ..
ရေးစာအုပ်တွေဟာလည်း ပိုင်ရှင်တွေနဲ့အတူ
မိုးရေချိုးချင်ကြပါပြီတဲ့
တမာရပ်ဝန်းတခိုမှာလည်း
လေနုယဉ်ဟာ အသော့ကလေးနှင်လို့
ပွင့်ဖြူ တွေထဲ ညင်ညင်လေးဝဲသွားပါသတဲ့
သြော် မိုးရေ
သည်တစ်ခေါက်ရွာရင် နေရောင်တစ်ချို့နဲ့ကံကောင်းခြင်းများ
စေတနာဖြာဖြာ သဒ္ဓါစွာနဲ့ သယ်လာပေးပါဦးကွယ်။

Poems & Essays CollectionWhere stories live. Discover now