ဆောင်းသစ်တခုဖွင့်လှစ်ကြောင်းကို
ငှက်တွေကဘယ်လိုမျိုးကြိုလင့်ကြသလဲ..(၁၉)လမ်းနံဘေးကတော့ အမှိုက်မီးရှို့တဲ့ မီးခိုးတန်းတွေနဲ့
ညနေခင်းကို လိုက်ကာဖွင့်တယ်။သိသည်ဖြစ်စေ
မသိသည်ဖြစ်စေ
မင်းကိုနှုတ်ဆက်မှာပဲ
မင်းဆံပင်ဖျားကို ကျီစယ်မှာပဲ
လယ်ကွင်းပေါ်က ပုံလျက်သားကျကျ လေပြည်ပုဝါပါးစပေါ့။ကြာပင်တွေနဲ့တက္ကသိုလ်ဝန်းရှေ့ကို ဖြတ်ပြီး၊
တီဘီဆေးရုံကိုကျော်ပြီး၊
ရန်ကင်းတောင်ကိုချန်ခဲ့ပြီး၊
ဒီမှာလေ
ငါတို့ထိုင်ဖူးတဲ့ အာပူလျှာပူဆိုင်ကလေး
စိတ်နီးပေမဲ့ ခန္ဓာမှဝေး။အောက်စီဂျင်ထဲ စပါးနှံရနံ့တွေ ရောပါလာတဲ့ညနေခင်းများ
ဓာတ်ပုံတွေက အကောင်းဆုံးအမှတ်တရဖြစ်ခဲ့ပေါ့
မှတ်ဉာဏ်ထဲမှာ စိန်စီထားပါရဲ့ ။တံတားတခုကျော်လိုက်ရင်
ရေမြောင်းတခုကို ဖြတ်လိုက်ရင်
ကမ္ဘာသစ်တခုကိုရောက်သွားတာမျိုး
ရုပ်ရှင်နဲ့ ဝတ္ထုတွေထဲကလိုမျိုး..
ငါတို့ရဲ့ ကမ္ဘာအသစ်က အဲ့ဒီမှာတည်တယ်။ဘာလို့များ စွဲမြဲနေခဲ့ရသလဲပေါ့
အဓိပတိဝဲယာက အောင်မဲညိုပွင့်အစ
ပုခုံးပေါ်ကျနေတဲ့ ငုရိပ်အဆုံး
တစ်ခြမ်းသေထနောင်းပင်ကြီးအစ
ဆွတ်ပျံ့ဖွယ် ယူကလစ်ရွက်နံ့အဆုံး။
အကောင်းဆုံးနေထွက်ချိန်က အဓိပတိလမ်းပေါ်မှာဖြစ်ပြီး
အလှဆုံးနေဝင်ချိန်က ပင်မဆောင်ရဲ့ ခေါင်မိုးထပ်မှာ
တက္ကသိုလ်ကျောင်းသားတွေရဲ့ အစဉ်အလာတခုလိုမျိုး
ဒီတမိုးအောက်က မြခနောက်ကိုလည်း
စာအုပ်ကြားထဲ ညှပ်သိမ်းခဲ့
တယုတယနဲ့ပေါ့။ပြက္ခဒိန်ရဲ့အစဟာ ဇန်နဝါရီဖြစ်ပြီး
ငါတို့တတွေရဲ့ နိဒါန်းဟာ ဒီဇင်ဘာဖြစ်ခဲ့
အလတ်ဆတ်ဆုံးရွက်သစ်တွေ ဝေလို့၊ စည်လို့
ဖြူပြာပြာပွင့်ချပ်လေးတွေ မွှေးလို့၊ ပျံ့လို့
ကန်တင်းရဲ့အေးစိမ့်စိမ့်ဆူညံညံဆောင်းမနက်ခင်းလည်း
ပူနွေးနွေးလက်ဖက်ထမင်းနဲ့ ကန့်လန့်ကာဖွင့်ရတာပါပဲ။နေရောင်ဖွယ်ဖွယ်မှာ အအေးဓာတ်မပြယ်တဲ့
အပေါ်ဆုံးထပ်စာသင်ခန်းတွေထဲ
ငါတို့ရယ်မောသံတွေ ပဲ့တင်ထပ်နေခဲ့မလား
Tutorialရဲ့ ပြာယာခပ်တဲ့အသက်ရှူသံပြင်းတွေ စွဲငြိနေခဲ့မလား
ထိုင်းမှိုင်းနံရံတွေထဲ နေ့ရက်တွေ ပုံနှိပ်ခဲ့မိမယ်ထင်ရဲ့။တစုံတရာကို လုပ်လိုက်မိလို့ ရတဲ့နောင်တထက်
မပြုမိလိုက်လေခြင်းနောင်တက ပိုဆိုးပါကြောင်း
သဘောပေါက်ပြီးခဲ့ပုံပါပဲ
ငါတို့တွေက ညလုံးပေါက် သီချင်းတွေအော်ဟစ်ခဲ့ဖူးကြ
ဖန်ခွက်တွေထဲ လွတ်လပ်ခြင်းတွေ ရောနှောဖျော်စပ်ခဲ့ဖူးကြ
မြေနီကွင်းကြောင့် အချင်းများခဲ့ဖူးကြ
အဆောင်ပြန်ချိန်တွေ နောက်ကျခဲ့ဖူးကြ
စုဝေးခန်းမမှာ ဆူညံဖူးကြ
အကောင်းဆုံးရေသောက်မြစ်တွေဖြစ်လာခဲ့ပေါ့။စက်သွားကလေး သမရိုးကျလည်ပတ်တဲ့အခါ
ငါ့ပေတံကိုပြန်ရှာရဦးမယ်
4Bခဲတံကို မပျောက်အောင်ထိန်းဦးမယ်
ကြာဆန်ချဉ်စပ်တပွဲ အကျအနထိုင်စားမယ်
နက်ပြာရောင်လုံချည်ဟာလည်း ခေါက်ရိုးကျိုးလို့ပဲ။တောကျောင်းကလေးကိုလည်း ချစ်ခဲ့ရပုံများ
အဲ့ဒီတောကျောင်းကလေးဟာ
မသိနားမလည်ခြင်းတွေကို တွန်းတိုက်ဖယ်ထုတ်ပေးတဲ့
ငါတို့ရဲ့ဓားသွေးကျောက်
အဲ့တာက ငါ့ရဲ့ဒုတိယအိမ်ဖြစ်ပြီး
ငါပိုင်တယ်ထင်ခဲ့ဖူးတဲ့နေရာ။
အဲဒီတမာမြေက
ငါနဲ့တသားတည်း မွှေနှောက်ဖျော်စပ်ခဲ့တဲ့အခါ
URCခုံတန်းက လေလွင့်ညနေများဟာ
လူငယ်ဘဝရဲ့ အကောင်းဆုံးအားဆေးတခွက်ပါပဲ။ဒီဝတ်စုံကို ဘယ်နေ့ပြန်ဝတ်ရမလဲဆိုတဲ့ခေါင်းစဉ်က ခေါင်းစားစရာ
ဒီလမ်းကို drawing tubeလွယ်ပြီးပဲ လျှောက်ချင်နေပြီး
ဒီခုံမှာတော့ ဒိန်ချဉ်ထိုင်သောက်နေချင်ပြန်။
မနက်တုန်းကလူကြီးဖြစ်နေပြီး ညနေမှာ ကလေးဆန်ချင်နေတဲ့
ခပ်ဆိုးဆိုးနေ့ရက်တွေထဲ
တနေ့တော့ဖြင့် ဒီလှေကားမှာပြန်ထိုင်နိုင်ဖို့..
ဒီခုံမှာ တရေးအိပ်ဖို့..
ဒီcocktailကို တကျိုက်တည်းမော့ဖို့..
ဒီသကြႅန်မှာ ဒီတယောက်ကိုဖြစ်ဖြစ်ရေလောင်းဖို့..ငါ့အိမ်ဟာ ငါ့အိမ်ပြန်ဖြစ်လာတဲ့တနေ့ပေါ့
ဆောင့်ကြွားကြွားခြေလှမ်းတွေနဲ့
ဒီမုခ်ဝကနေ ဝင်သွားချင်သေးလို့။
![](https://img.wattpad.com/cover/364218528-288-k430618.jpg)