မပေးဖြစ်ခဲ့သော နောက်ဆုံးစာ (သို့) စာနံပါတ် (၁၂)

11 2 0
                                    

လူတွေဟာလေ
ဘဝမှာ ဘာတွေကိုဘယ်နှခုလောက် လိုအပ်တတ်ကြသလဲ။
မနှင်းဆီရယ် ကျွန်တော်ကတော့ ဘဝမှာတခုပဲလိုအပ်ခဲ့တယ်။

အဲဒါက ဒုတိယမြောက်အခွင့်အရေးတခုကို
ပထမဆုံးအကြိမ်တောင့်တမိခြင်းဖြစ်တယ်
အဲဒါက ပါဝင်ပစ္စည်းလည်းအနည်းငယ်များတယ်
အဲဒါက
လေတဖြူးဖြူးတိုက်နေတဲ့ညရဲ့နောက်တညဖြစ်ရမယ်
အဲဒါရဲ့အရင်တညမှာ
ထင်းရှူးပင်ဖျားတွေ ယိမ်းနွဲ့ကခုန်ထားဖို့လိုတယ်။
အရင်ညများနည်းတူ
အဲဒီညမှာလည်း အစောင့်ကင်းတဲက မီးရောင်ဝါလေး
လင်းနေဖို့လိုတယ်။
ကောင်းကင်ကြီးဟာ မည်းနက်နေပြီး
ကြယ်တွေဟာ သစ်လွင်နေရမယ်။

ခရီးသည်တွေ လိုက်လိုက လိုက်၊ ချန်လိုက ချန်
လေယာဉ်ဟာတော့ သုံးစင်းအတိအကျ
အခန်းနံပါတ် (၃၆၅)ရဲ့ ဝရန်တာရှေ့ကောင်းကင်မှာ
ဖြတ်ပျံမှကိုဖြစ်မယ်။
အဲဒါကလေ
ဝိုင်ပုလင်းလေးနှစ်ပုလင်းလည်း ရှိနေဖို့ လိုအပ်ပါသေးတယ်။

နီးတောင်မနီးဘဲ ဝေးလိုက်ရတဲ့တစုံတရာအကြောင်း
သတ္တိအနည်းငယ်စွက်ပြီးပြောပြခဲ့ချင်တယ်။
အဲဒီအရာက ပါဝင်ပစ္စည်းအနည်းငယ်ထပ်ရှိလိမ့်ဦးမယ်
အဲဒီအရာမှာ ပါးမို့ပေါ်မှာ မှဲ့ကလေးရှိဖို့လိုတယ်
ရှေ့သွားကလေးနှစ်ချောင်းဟာ ယုန်သွားလေးတွေလို ကြီးနေရမယ်
ဝါညက်ညက်အသံကလေးလည်းရှိနေရပါမယ်။

တယောက်တည်းဖြစ်ရခြင်းမှာ
အသည်းအသန်နစ်မြှုပ်ခံခဲ့ရတဲ့နောက်
မြက်နှစ်ပင်ကို အိုးနဲ့ပျိုးထားတယ်..
အဲ့တုန်းကအမေဇုန်တောကြီးမီးလောင်သေးတယ်ထင်ပါ့
ကျွန်တော်က သူတို့ကိုJaneနဲ့Joanလို့အမည်ပေးထားတယ်
ဒီတခါ ခင်ဗျားလာလည်ရင်
သူတို့နဲ့မိတ်ဆက်ပေးရလိမ့်မယ်ထင်တယ်။

ဒီတခါဆို
"လှတယ်"တခွန်းတည်းပဲ မဖြေတော့ဘူး
ဘဝထဲက စည်းတွေ၊ ဘောင်တွေကိုအရေးမလုပ်တော့ဘူး
သိပ်လှတဲ့သာမန်မျက်ဝန်းတစုံအကြောင်း
တသီကြီးဖွဲ့ပြီးဖြေပါတော့မယ် မနှင်းဆီရယ်
နားနဲ့မနာဖဝါးနဲ့နာပါ
ကျွန်တော် ခင်ဗျားကိုသိပ်ချစ်ခဲ့တယ်။

လူတစ်ယောက်ရဲ့ဘဝမှာ
ချစ်ခြင်းနဲ့ရောင့်ရဲခြင်းဟာ 'တခါတရံ နှစ်မျိုး'နဲ့လိုက်ပြီး ပြောင်းလဲတတ်သတဲ့
ပထမ တခါတရံမှာ
အချစ်ဟာ ရောင့်ရဲခြင်းနဲ့တိုက်ရိုက်အချိုးကျတယ်။
ဒုတိယ တခါတရံ.. သြော် အဲ့ဒီတရံရောအခါများပေါ့
မျက်ရည်တွေနဲ့ပျိုးမှ သီးပွင့်ရတဲ့တခါတရံပေါ့
သိပ်ကိုမွှေးပါတယ်
အချစ်ဟာလည်း ရောင့်ရဲစိတ်နဲ့ပြောင်းပြန်ကြီးအချိုးကျသွားတယ်။

မနှင်းဆီသိရဲ့လား
မပြောဖြစ်တဲ့စကားတွေအတွက် ပန်းတွေ ပွင့်နေတယ်
ငတ်မွတ်ခဲ့တဲ့မေတ္တာအတွက်
cloverတွေဟာ သုံးရွက်ဆိုင်ငိုကြွေးနေတုန်း
မနှင်းဆီသိရဲ့လား
သိပ်ကိုမွှေးပါတယ်
ဒုတိယမြောက်တခါတရံဟာ ကျွန်တော့်ရင်မှာ ဝေဆာနေပါတယ်။

ရွက်နုလည်း ဝေပါစေတော့
မိုးလည်း သည်းပါစေတော့
ဆောင်းလည်း အေးပါစေတော့
ကဗျာသေတွေလည်း ဝေးပါစေတော့
အနာဟာ တဆစ်ဆစ်မကိုက်ခဲတတ်တော့တာ သေချာသလောက်ပါ မနှင်းဆီ
အမာရွတ်ဟာတော့ ကျန်နေမှာပေါ့
တဖွတဖွနဲ့တယုတယ မြတ်နိုးရတဲ့အမာရွတ်ပါကွယ်
အချစ်ရဆုံးသူစိမ်းအမျိုးသမီးတယောက်ကို
နည်းသောအားဖြင့် မေ့တတ်ပြီး
များသောအားဖြင့်တော့ သတိရနေပါကြောင်း
မရှက်စတမ်းဝန်ခံရပါ့မယ်။

နောက်တခါဆုံရင်အပွင့်လင်းဆုံးပြုံးပြကြဖို့
ဒုတိယမြောက်အဲဒီအခွင့်အရေးကို
ပထမဆုံးတမ်းမက်မိပါတယ်
မနှင်းဆီရယ်
ကျွန်တော်ကတော့ ဘဝမှာတခုပဲလိုအပ်ခဲ့ပါတယ်။

Poems & Essays CollectionWhere stories live. Discover now