အရုဏ်ဦးကိုရောက်ဖို့
အိပ်မက်ဆိုးနဲ့လုံးထွေးသတ်ပုတ်ရင်း
ညတာဟာပိုရှည်လာပြီး
ကပ်ဆိုးတခု ဥခွံထဲကထွက်လာတာ
ဘယ်နှရက်ပြည့်အခမ်းအနားလဲ
သောကအခွံတွေနဲ့ခြိမ့်ခြိမ့်သဲကျင်းပ
အခင်းအကျင်းက ညစ်နွမ်းလမ်းမတွေပေါ်မှာ။လေထုကြီးက ရင်ကွဲမျက်ရည်တွေနဲ့ထုံထိုင်းထိုင်း
ကရုဏာတရားကတော့ မျက်ရည်အနေနဲ့
ဝရောသောပါးပြေးထွက်လို့
နင့်နဲနဲတောက်ခတ်သံတွေနဲ့ ဖွဲ့သိုတဲ့မိုးဦးလေဦးဟာ စေးထန်းထန်းနဲ့။
ငါတို့ဟာ
ငါတို့တွေဟာ
လူပီသတဲ့ရပ်ကွက်မှာအခြေချဖို့ တန်းစီရင်းစောင့်ဆိုင်းနေခဲ့ကြတဲ့
နွေဦးရဲ့ခြေသလုံးအိမ်တိုင်လူတန်းရှည်ကြီးဖြစ်ခဲ့ရဲ့။လောကကြီးတခုလုံး ဇောက်ထိုးမိုးမျှော်ပေါ့
ထောင့်ချိုးက နည်းနည်းမှောင်တယ်
သမာသမတ်မကျတဲ့ထောင့်ချိုးဟာ
ကိုးဆယ်ဒီဂရီမပြည့်တော့
ဒီအတွေ့မှာ
နောက်ပြန်ဆုတ်လာတဲ့လူတချို့နဲ့ ရှေ့ဆက်တိုးတဲ့လူတချို့
ဝရုန်းသုန်းကားဝင်တိုက်မိကြရော။အကြွေရောင်ကို ရွှေရောင်အမှတ်နဲ့
ဖုန်းဆိုးပရဝုဏ်ပေါ်ခုန်ဆင်းခဲ့ကြ
လူမဆန်ခြင်းရော်ရွက်တွေ..
နိုင်ငံရေးဆာဂျရီက လက်ရာမြောက်လွန်းတော့
မိတ်ဆွေတချို့ကို ရုတ်တရက်မမှတ်မိဘူး
ဒီတိုင်းပဲ သိခဲ့ရတယ်
သူတို့ကော ငါတို့ရော အမှတ်ရနေကြမယ်
အမှတ်တရဟောင်းတွေရေ
လမ်းကျဉ်းထဲမှာ မျက်နှာချင်းဆိုင်မိခဲ့ကြရင်တောင်
ငါတို့
ဆုံဖြစ်မယ်မထင်တော့ဘူး။