မပေးဖြစ်ခဲ့သော စာများ (၁၀)

3 1 0
                                    

ဒီနေ့နည်းနည်းပိုအေးတယ်
နားရွက်ဖျားတွေမအေးဖို့ဂရုစိုက်ပါ
ခင်ဗျား ဆံပင်တွေ ထပ်ပြီးညှပ်ထားပြန်ပြီ။

ဘဝမှာ အကျိုးအပဲ့တွေကလည်း များတယ်
စွယ်တော်တခြုံကို စိတ်တိုင်းကျချိုးဖဲ့ခုတ်ထွင်ပြီးမှ
ချစ်ခြင်းတရားများကျိုးပဲ့မှာကို အသည်းအသန်ကြောက်တော့
ဓားကိုကိုင်ပြီး ပြန်တောင်းပန်နေရသလိုမျိုး
သစ်တရွက်ကြွေမှာတောင် တအားကြောက်တယ်။

သူများအကြောင်းတွေးရင်းအိပ်မရတဲ့ညဟာ
အတော်ခရီးရှည်တယ်
မျက်စိနှစ်လုံးခဏထုတ်ထားလို့ရရင်လည်းအကောင်းသား
မဟုတ်ရင် ကျွန်တော်တကယ်အိပ်မပျော်ဘူး
အဲ့ညဟာ ကြယ်စုံသလား
အဲ့ညဟာ လသာသလား
အဲ့ညမှာရာသီဥတုဟာ ဘယ်လိုတဲ့လဲ။

ဆောင်းမနက်ခင်းရဲ့ ရှမ်းခေါက်ဆွဲတပွဲ
လက်ဖက်ရည်တခွက်ရှေ့က
နေရောင်ဆမ်းတဲ့ မျက်လုံးလှလှတွေ
အတူတူမော့ကြည့်ခဲ့တဲ့လေယာဉ်ပျံဟာ
ဘယ်လေဆိပ်မှာ သက်ဆင်းသွားသလဲ
ဝိုင်တခွက်ဟာ ဘာအရသာရှိနေမလဲ
ကျွန်တော်ကတော့ မနှင်းဆီမျက်ဝန်းတွေကို ပိုမက်မောခဲ့တယ်။

ခရီးသည်တင်လေယာဉ်သုံးစင်းပျံတဲ့ညက
မပြောလိုက်ရဘူး
အခန်းရှေ့ထင်းရှူးပင်ကို လေပြည်တိုးတဲ့ညက
မပြောလိုက်ရဘူး
ခင်ဗျားမျက်လုံးတွေပေါ့ မနှင်းဆီရေ
ကျွန်တော့်ကိုတွန်းချနိုင်တဲ့မျက်လုံးတွေ
ကျွန်တော့်ပြန်ဆွဲတင်နိုင်တဲ့မျက်လုံးတွေ
ရဲရဲမကြည့်နိုင်တဲ့မျက်လုံးတွေ
ရေကျန်လောင်းပြီး အသေပြန်ထောင်းမယ့်
ကြက်ဖခွပ်ဝိုင်းက သခင်ရဲ့မျက်လုံးမျိုးတွေ
ခင်ဗျားက လှလားတခွန်းပဲမေးတာ
ကျွန်တော်က တလောကလုံးနဲ့ချီပြီး ဖြေချင်တာ
ဘဝမှာက
စည်းတွေဘောင်တွေလည်း များလွန်းလှပါတယ်
မချင့်မရဲ
'လှတယ်'တခွန်းပဲဖြေခဲ့ရတယ်။

ဒီနေ့ နည်းနည်းပိုအေးတယ်
ဒီနေ့ ကြယ်တွေပိုစုံတယ်
ပုရစ်အော်သံတွေနားထောင်ရင်း
ပုဝါပါးခြုံလို့ အိမ်ရှေ့ကိုထွက်ကြည့်ပါ
တယောက်နဲ့တယောက်ကြားက အနာတရတွေကို
ကြယ်တွေဆီပဲရင်ဖွင့်ကြမယ်
တိုက်ဆိုင်မှုရှိရင်
မတူတဲ့ဒေသတွေမှာ အချိန်တူတူထွက်ကြည့်နေခဲ့မိရင်၊
ကြယ်ကြွေကြည့်ရင်း
သောကငြိမ်းဖို့ဆုတောင်းကြတာပေါ့။

Poems & Essays CollectionWhere stories live. Discover now