Happily Never After

10 1 0
                                    

မျက်နှာမှာမလိမ်းရက်လို့တဲ့
အစိမ်းရင့်ရင့်မျက်နှာချေတွေ
အဆုပ်လိုက်ကြီး ပါးစပ်ထဲပစ်ထည့်ပြီး
မျက်လုံးကနေ နှာချေတာ
မျက်ရည်တွေမှ ဖွားခနဲပဲ။

ရှေ့တိုးခဲ့သလား နောက်ပြန်ဆုတ်ခဲ့သလား
တထစ်ချင်း တလှမ်းချင်း
ငါဘာတွေကို ချနင်းမိခဲ့လဲမသိတော့ပါဘူးကွယ်
ဖိနပ်အောက်မှာ ရှိစုမဲ့စုသတ္တိကိုပြန်တွေ့တယ်
ငါဘယ်တုန်းကများ စတေးလိုက်သလဲပေါ့
ဖိနင်းရာက အနာကျက်နေပြီးပြီ။

ဒီတခေါက်တော့ ကြယ်ကြွေခြင်း၊ မကြွေခြင်းဟာ
အရေးမပါတော့ဘူး
မင်းထက်အရင်ရောက်အောင် ပျံပြလိုက်မယ်
မင်းထက်အရင်ရောက်အောင် ပြေးပြလိုက်မယ်
ငှက်တွေကိုကြိမ်းဝါးလိုက် ကောက်ပင်တွေကိုကြိမ်းဝါးလိုက်နဲ့
ကြိုမယ့်သူမရှိဘဲ ငါကပြေးနေလိုက်တာ
နားသင့်ပြီလို့တွေးမိတဲ့အချိန်ကျ
မျှော်လင့်ချက်တွေတိမ်ကျလို့
ရောဂါကကျွမ်းနေနှင့်ပြီးပြန်ပြီ။

နာမည်လေးတခုနဲ့ပဲ ရစ်ရစ်မူးမူးနေခဲ့တဲ့ရက်တွေမှာ
နှစ်နှစ်လုံးလုံး ငါဟာ ဒီဝိုင်ကိုမက်မက်စက်စက်သောက်မျိုခဲ့
ဒီပုလင်းကလေးဟာလေ ငါအချစ်ဆုံးအဖိုးတန်လေးပါ
အဲ့ဒီတံဆိပ်ကလေ
နှစ်(၂၀)ရှိပြီဖြစ်တဲ့ ကြိတ်သားအဆို့ကလေးနဲ့ပါ
ဒီလိုနဲ့
ဝိုင်မကုန်ခင် ငါလည်း ချာလပတ်လည်သွား
အိပ်မက်ထဲအထိ ဘယ်သူ့မှအလုမခံဘူးလို့ ဓားကြိမ်းကြိမ်းနေမိရဲ့။

ဒီတမိုးက နည်းနည်းသည်းတယ်
ငါ့ရွက်နုကလေးတွေ ကြွေကုန်တယ်
ငါ့မျှော်လင့်ချက်တွေလည်း မှောက်ကုန်တယ်
သကြားမရောတဲ့ ကြဲတောက်တောက်အိပ်မက်များပေါ့
တဖျပ်ဖျပ်ခုန်ရင်း တဝေါဝေါကြွေကျ။

ဒီစာအုပ်ကို နောက်ဆုံးစာမျက်နှာအထိလှန်ဖတ်လိုက်တယ်
ဖျားနာနေတဲ့နွေဥတုကို ဖြတ်ရတာလည်းဖြစ်နိုင်မယ် အချစ်ရေ
ဒါပေမဲ့
ဒီထနောင်းရိပ်ကို နောက်တခေါက်ပြန်မခိုတော့ဘူး။

Poems & Essays CollectionWhere stories live. Discover now