ခေါင်းတခြမ်းကိုက်တဲ့ ည (၂)

4 2 0
                                    

အကုန်လုံးကိုဖယ်ထုတ်ပစ်ပြီး နေ့ရက်တွေပြန်ရှာကြည့်တယ်
ဒီလိုမျိုး သဲထဲလောင်းချဖို့
မနက်ခင်းတွေကို စီးဆင်းခိုင်းခဲ့တာမှမဟုတ်တာ
မရှိတော့ဘူးလို့ပြောတုန်းက ငါရယ်မိသေးတယ်
တကယ်မရှိတော့ဘူးဆိုမှ ကလော်တုတ်ဆဲရင်း ငိုရတော့တယ်။

ဒီကဏ္ဍမှာ မေးခွန်းနည်းနည်းများတယ်
တထွာတမိုက်ဉာဏ်နဲ့လိုက်မမီတဲ့မှင်စက်တွေကြောင့်
မေးစရာတွေ တောင်လိုယာလို ထပ်လာရ
ဘယ်မှာလဲ ပန်းပွင့်များ
ဘယ်မှာလဲ ကျေးငှက်များ
မနေ့တနေ့ကပဲ အကုန်သေသွားပြီး
လူလုပ်ဓာတ်များနဲ့ အသက်ပြန်ဝင်လာ
ဘယ်လို စားသောက်ခဲ့ကြလဲ
ဘာလို့ ရှင်သန်ချင်ကြလဲ။

ငါတို့ညချမ်းမှာ
တချိန်လုံးသံရှည်ဆွဲနေတဲ့ လမ်းမများလည်းရှိရဲ့
မင်းတို့ မြန်မြန်အိပ်ပါတော့
ဒီည လပြည့်ညပါ။

တကယ်ကမနေ့တနေ့က လပြည့်ညမှာလကြတ်ခဲ့ပြီး
ဒီညကမှတကယ် မှောင်မိုက်နေတာ
ဒီလိုမှောင်မိုက်နေရင်ကော
လတစ်ခုလုံးကို ငပုပ်ဖမ်းပြီး ကြတ်သွားတာပဲမဟုတ်ဘူးလား
နေ့တိုင်း၊ ညတိုင်းပေါ့။

မိုးတွေရွာလာတယ်
ပြီးတော့
ကောင်းကင်ကို ပြန်တက်သွားပြီး
ဘယ်အချိန်အိမ်ပြန်ရောက်သလဲငါမသိရ
မင်းကောသိရဲ့လား
ပန်းကန်တလုံးစီလွတ်လွတ်နေတယ်..
ပြီးတော့
တခါတလေ ငွေ့ရည်မဖွဲ့တော့ဘူး။

အကုန်လုံးကို ဖယ်ထုတ်ပြီး နေ့ရက်ပီပီသသကို ပြန်ရှာကြည့်တယ်
အကုန်လုံးကိုဖယ်ထုတ်ဖို့တောင် အနိုင်နိုင်နဲ့ပေါ့
ဆောင်းညအိပ်မက်များ အလဲလဲအကွဲကွဲ
မနေ့တနေ့မှာပဲ နာရီကိုရပ်ထားပစ်ချင်စိတ်နဲ့ပဲ
ဒီဖန်သီးကခွမ်းခနဲပေါ့
လုပ်နိုင်တာက ကိုယ့်အချိန်ကိုယ် ရိုက်ခွဲရုံပဲ
ဒီလိုနဲ့ သဲတွေလည်း ဘဝဂ်အထိဆန်တက်သွားပြီး
ငါ့နေ့ရက်များလည်း ပုပ်ခဲ့တယ်
နောက်ထပ်တခါ နာရီမကြည့်ဖြစ်တော့ဘူး။

Poems & Essays CollectionWhere stories live. Discover now