ကျွန်မမှာ ပြောစရာတွေရှိနေတယ်
သို့တည်းမဟုတ် ကြားချင်တာတွေရှိနေတယ်
ဖြစ်ချင်တာတွေလည်း ရှိနေခဲ့တယ်..ချစ်ခြင်းတရားဟာ ရေလိုပါပဲ ချန်းရယ်။
ပျော်ဝင်လိုက်ဖို့လည်း သိမ်မွေ့သလို
ရိုက်ချနိုင်အောင်လည်း အားကြီးတယ်
ထင်မထားတဲ့အကွေ့တွေမှာ လှိုင်းကြမ်းတွေနဲ့ ထနေတဲ့ဂယက်တွေ၊
ဘယ်တဦးတယောက်ကမှ ကြိုမသိနိုင်ကြဘူး။မေတ္တာတရားနဲ့စိတ်ခံနိုင်ရည် ပြောင်းပြန်အချိုးကျနေတဲ့သူတွေ၊သံယောဇဉ်ကို ရှေ့တန်းတင်တဲ့သူတွေ၊
ဒီအကွေ့မှာလဲကြပြိုကြပြီ
အချစ်နတ်ဘုရားရှေ့မှာ ဒူးထောက်ကြပြီ
ကျွန်မလည်း အဲဒီအထဲမှာ အခါခါဂျွမ်းထိုးမှောက်ခုံနဲ့
ဘဝကြီးက ဇောက်ထိုးမိုးမျှော်ရင်ကွဲခဲ့ရပုံများ
ဖောင်စီးရင်းရေငတ်ခဲ့ရတယ် ချန်းရဲ့
ချစ်ခြင်းမေတ္တာဟာ မစားရအညှော်ခံစာသာပဲ။ကျွန်မ မြစ်ပြင်ကျယ်ဆီထပ်မသွားတော့ဘူး။
ဒီလှေကို တသက်လုံးမစီးဘူး
ဟိုဖက်ကမ်းမှာ ဘယ်တဦးတယောက်ကမှလည်း မျှော်မနေခဲ့ဘူး
ကျွန်မ အိပ်မက်ဆိုးကနေ နိုးလာတယ်။ကျွန်မ အိပ်မက်တခုကနေ နိုးလာတယ်။
ဧဒင်ဥယျာဉ်ထဲရောက်နေတယ်။
အာဒံအမည်ရှိအမျိုးသားဟာ လက်ထဲမှာပန်းသီးတလုံးနဲ့
လက်စွပ်တကွင်းကို လက်မမှာ အမြဲဆင်ထားတယ်။ကျွန်မ အိပ်မက်ကနေ အမှန်တကယ် ပြန်နိုးလာတယ်။
မှောင်နေတဲ့ပစ္စက္ခကနေ ထွက်ရလိမ့်ဦးမယ်
ဧဒင်ဥယျာဉ်ကိုနောက်တခေါက်ထပ်သွားဖို့လိုတယ်
လှေပြန်လှော်ဖို့ သတ္တိရလာတယ်။ကျွန်မချစ်တဲ့အကြောင်းတွေ ပြောဖို့
သို့တည်းမဟုတ်
ကျွန်မကိုချစ်တဲ့အကြောင်းတွေ နားထောင်ဖို့
အဆိုတော်ဦးလွှမ်းမိုးရဲ့ နာမည်ကြီးသီချင်းတပုဒ်အကြောင်း
ချန်းကိုပြောပြဖို့
ကျွန်မ ချန်းရဲ့နံရိုးတချောင်းဖြစ်ချင်ခဲ့ပါတယ်
မိုးစက်တင်လေကလေးရေ
ကျွန်မ ချန်းရဲ့နံရိုးကလေး သိပ်ကိုဖြစ်ချင်ခဲ့ပါတယ်။
