"သတိရစိတ်က မိုက်ရိုင်းတယ်
ငါ့ကိုယ်မှာနေတယ်
ပြီးတဲ့နောက် ငါ့ကိုသတ်တယ်
ကပ်ပါးကောင်တွေလိုမျိုး.."လွမ်းတဲ့အခါ ကျွန်တော်ဘာလုပ်ရမလဲ
ဒီလိုမေးတဲ့အခါ
မနှင်းဆီက ပြုံးပြုံးလေးပဲရှိနေလိမ့်မှာ။သူများတွေက ဒီဇင်ဘာမှာအမှတ်တရတွေရှိကြတယ်
ကျွန်တော်တို့ အက်ကြောင်းကလေးကတော့ ဇန်နဝါရီမှာ
နှစ်နှစ်ဆိုတဲ့အချိန်က ချစ်နေရတော့ဘာကြာမှာမို့လဲ
တကယ်တမ်း
မေတ္တာတရားရဲ့အသွားအပြန်ပမာဏ
ပြောင်းပြန်အချိုးကျလာတဲ့အခါ၊
တကယ်တမ်း
နှလုံးသားကချည့် နစ်နာလာတဲ့အခါ၊
နှစ်နှစ်ဆိုတာ အသက်တမျှပါပဲ
၁၅ရက်နေ့ကိုကြောက်တယ်
'နှလုံးသားအစား လူကိုပဲ ရိုက်ပုတ်လိုက်ပါတော့လား'
ဒီလို ငါဒူးထောက်တယ်
ဒီလို ငါဆုတောင်းတယ်
ပထမဘုရားနဲ့လည်း လွဲတယ်
ဒုတိယဘုရားနဲ့လည်း လွဲတယ်။ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိတဲ့ဘဝမှာ
အဖြစ်ချင်ခဲ့ဆုံးဆုဟာလည်း လေထဲလွင့်ရတော့တာပဲ
တယောက်နဲ့တယောက်ကြား ရှိချင်တာက မေတ္တာတရားဖြစ်ပြီး
အစားထိုးလာတာဟာ
အားနာမှုသာ ဖြစ်တယ်
လွဲချော်မှုသာ ဖြစ်တယ်
ရာသီမှားပွင့်သောပန်းသာ ဖြစ်တယ်။ကျွန်တော့်ဒဏ်ရာရဲ့ ဆေးဟာ မနှင်းဆီဖြစ်ပြီး
မနှင်းဆီရဲ့ ဒဏ်ရာကတော့ ကျွန်တော်ပါတဲ့
ဒီလိုနဲ့ပဲ အားနာပါးနာ ဝေးကြရလေတယ်။