နွေမ

8 1 0
                                    

ဥသြတွေ မြူး..နေပြီတဲ့ကွယ်
နွေမ,ဟာ ဆည်းဆာရောင်အပျော့သားဂါဝန်နဲ့
လက်ခနဲလက်ခနဲခုန်ကစားလာလိုက်တာ
ကျွန်းရွက်ခြောက်တွေပေါ် သူ့ခြေသံချည့်။

နွေမ,ဟာ ညနေရောင်အပျော့သားဂါဝန်နဲ့
မဲဇာမြစ်ဖျားကနေ ကူးခတ်လာလိုက်တာ
သောင်ကမ်းတခုလုံး ပုစွန်ဆီရောင်ခြေရာချည့်။

ဖွဖွလေးပြေးနေတဲ့ငါးတွေဟာလည်း
ကိုတံငါတို့လို ဆေးလိပ်တိုခဲချင်နေလောက်တယ်
ရေထဲမှာ သူဘယ်မီးနဲ့ညှိမတုန်း
ဟေ့..တို့အရပ်မှာတော့ မြကျီးသာပဲဖွာသတဲ့
အခြေအတင်တွေငြင်းကြခုန်ကြနဲ့
ပိုက်တန်းလေးတခါလှုပ်ရင် ဦးလေးကြီးပြုံးလို့
ဒီနိယာမမှာလူတွေနိုင်မှာသေချာတာကိုး။

ညမရောက်မချင်း မင်းငါ့ကိုတွေ့ခွင့်မရှိဘူး ဆိုပဲ
မကြွေသေးတဲ့ရွက်ဝါအောက်က
ခန္ဓာရောင်ဖျော့တော့တော့ပိုးစုန်းကြူးတကောင်ရဲ့
တီးတိုးကြုံးဝါးသံက လေနုနဲ့သင့်လာတယ်..
ဒီအချိန်ဆို သဲချောင်းထဲနစ်နေတဲ့ကြက်သွန်ဖြူတွေ
စကားတွေတွတ်ထိုးနေတော့မှာပဲ။

အဲ့ဒီမှာရောက်လာပါပြီ..
မင်းတို့ဟာလေ ငါစိတ်တိုရင်ဖမ်းပစ်တော့မယ်ကွ
တောင်သူကြီးသားကလေးက လောက်လေးဂွတရွယ်ရွယ်နဲ့
နေကြာခင်းထဲကကြက်တူရွေးတသိုက်နဲ့ရန်ဖြစ်ရတာကို
အရသာတွေ့နေတယ်။

ချောင်းစပ်ကဆီးပင်အုပ်တွေကြားမှာ
ငယ်ဘဝမှတ်ဥာဏ်တွေဟာ
အဆုပ်လိုက်အတန်းလိုက်မှည့်လို့ဝင်းလို့
ဖိုးခွေးရေ မင်းကဆားယူခဲ့
ငါကတော့ငြုပ်တောင့်ကလေးများ သယ်ခဲ့မပေါ့..
ပျားအုံကိုများသွားဆွမိရင် ရေငုပ်ကြရမယ်..
ဒီလိုအသံတွေက စီစီစာစာနဲ့။

နွေမ,ရေ...
တညနေလုံးလျှောက်နေလိုက်တာ
ငါလည်းအတော်ညောင်းလှပေါ့
တောင်လေရူးဆိုတာ ပေါက်ပန်းနီတွေကိုလည်းကြွေစေသကိုး
တွေ့လား..အဲ့ဒီမှာ
ရေနွေးကြမ်းထဲခပ်ဖို့ပေါက်ပွင့်ကောက်နေကြရဲ့
လမ်းကြုံတထောက် ဝင်ရောက်နားသွားပါ
ပရစ်ဖူးတွေကလည်း မင်းကိုချစ်ပါသတဲ့။

တောင်လေရူးဟာတဟူးဟူးနဲ့
ကျေးလက်မြေရဲ့ဖုန်တလုံးလုံးကြားမှာလေ
အဲဒါနွားရိုင်းသွင်းချိန်ခေါ်တယ်နွေမ,ရေ
အဲဒါနွားရိုင်းသွင်းချိန်တဲ့
နေဝင်မီးလက်စီးပွားတက်ဆိုတာကို
တို့များဇနပုဒ်ကတော့ယုံထားကြတယ်
အဘွားဟာလည်း ဘုရားမီးပူဇော်လို့စိန်ရောင်ခြည်ဘုရားပင့်နေပြီကွယ်
လေနုအေးဟာ တအိမ်ဝင်တအိမ်ထွက်နှုတ်ဆက် လို့
ဟောဟိုမှာလည်းတဖွဲဖွဲနဲ့
တတောလုံး အင်ကြင်းတွေဝေခဲ့ပေါ့။

Poems & Essays CollectionWhere stories live. Discover now