မင်းသိလား
အဲဒီမုခ်ဝကို အခုထိ ခလုတ်တိုက်မိတုန်းပဲ။
အဖန်ဖန်ငြိုးရင် ဝေဒနာဆိုးလည်းပဲ
ငါဟာ အခုထိ
ကြုံရင်ကြုံသလို ဝင်ဝင်တိုးတယ်။
ငါဟာအခုထိ ကြုံရင်ကြုံသလိုဝင်ဝင်တိုးရပုံက
ပြတ်စဲသွားပြီဖြစ်ကြောင်း
မနေ့တုန်းက လူသိရှင်ကြားဟစ်ပြီး
ဒီနေ့မှာတော့
အစကနေပြန်ချစ်နေမိတဲ့ ရည်းစားတယောက်လို။
ဒီတခါ ခွေးလိုအန်ပြီးရင်
နောက်တခေါက်နွားလိုမသောက်တော့ကြောင်း ခံဝန်ပေး
လကုန်ရက်ကျ သွားပြေးကိုင်မိတဲ့ အရက်ပုလင်းလို။
ဒီတပိုင်းပြီးရင် ဖုန်းပိတ်ပါပြီဖြစ်ကြောင်း
ထပ်လောင်းပြောရင်း နောက်ဆုံးပိုင်းရောက်သွားတဲ့
ညအလင်းပေါက်ဇာတ်လမ်းတွဲတခုလို။
ဒီငါးမိနစ်ဆက်အိပ်ပြီးရင် တကယ်ထပါမယ်ဆိုတဲ့
ဆောင်းမနက်ရဲ့ ဗလုံးဗထွေးကတိများလို။
ကျောခိုင်းခဲ့တာမဟုတ်လို့ဖြစ်မယ်
ကျောခိုင်းလိုစိတ်နဲ့ ဘယ်သူမှ ထွက်လာတာမျိုးမဟုတ်လို့ဖြစ်မယ်
ငါတို့က အဲဒီမုခ်ဦးကိုကြည့်ပြီး
ကျောခိုင်းခဲ့တာမဟုတ်ဘဲ နောက်ပြန်ဆုတ်လာကြတာဖြစ်မယ်
ဒါကြောင့်လေ.. ဒါကြောင့်
လွမ်းလာတဲ့အခါ နောက်ပြန်လှည့်ဖို့မလိုဘဲ
ငါတို့ မျက်နှာမူရာမှာ အဲဒီမြောင်းကူးတံတားအမြဲရှိနေတယ်။
စားသောက်ဆိုင်နာမည်က "Once Upon A Time"ဆိုပဲ
အရသာမှတ်မိလား
ဈေးနှုန်းမှတ်မိလား
သုံးကြိမ်နဲ့အထက် ထိုင်ဖူးလား
ခေါင်းအကြိမ်ကြိမ်ရမ်းပေမဲ့ ဆိုင်နာမည်ကြားရင် မှိုင်ရတာပဲ
ဘယ်သူတွေကများ ရက်ရက်စက်စက်
အဲဒီနာမည်မျိုး ပေးရက်ခဲ့ကြသလဲ။
သူ့နံဘေးမှာ URC
URCအရှေ့မှာ ငုဝါတွေ
နီညိုရောင်ကျောက်စားပွဲတွေအပေါ်
ကခုန်ဆင်းသက်လာတတ်တဲ့ အဝါနှစ်နှစ် လုံမပျိုများလေ..
ဒီပရဝုဏ်ရဲ့ သူယောင်ပွင့်တွေတဲ့
ကတ္တရာလမ်းမထက်မှာလည်း သူတို့တောင်ပံခတ်သံတွေနဲ့
မြူး..ထူး..ပျော်..ပါး..
မြောင်းကူးတံတားကိုကျော်လာရင်
အဓိပတိလမ်းဟာ
နေဝင်ချိန်နဲ့ နေထွက်ချိန်ရဲ့ ပေါင်းကူးတံတားပေါ့။
အရှေ့အရပ်မှာ မနက်ခင်းဟာ
သာခိုတောင်တန်းပေါ် မေးတင်လို့ ပျင်းပျင်းတွဲ့တွဲ့
အနောက်အရပ်မှာ
ထနောင်းပင်ကြားထဲက ညနေဆည်းဆာဟာ ဖွဲ့ဖွဲ့နွဲ့နွဲ့
မန်းချယ်ရီဆောင်ရဲ့ ကန်တင်းနားမှာ
နှစ်ခေါက်လောက်တည့်တည့်ရပ်လို့
အရှေ့နဲ့အနောက်ကို ရပ်ငေးကြည့်ချင်သေးရဲ့။
