🧝Chapter 25
“ ငါ ငါကသက်သေမရှိဘဲ ပြော ပြောတာမှမဟုတ်တာ….လူတိုင်းလည်း သိ သိနေကြတာပဲလေ… သည်လိုပဲ ပြောနေကြတာ…ပြောလို့မ မရဘူးလား…”
အဒေါ်ရန် သွေးများဆူပွက်လာတော့မလို ခံစားလိုက်ရပြီး ထိုအမျိုးသမီးအား ရေနွေးပူထဲတွင် နှစ်မြုပ်ချင်မိလာကာ ပြင်းထန်စွာ စိုက်ကြည့်လိုက်သည် “ နင်စမ်းကြည့်လို့ရတယ်…”
မြောင်ဟယ်သည်လည်း အဒေါ်ရန်၏ဒေါသပေါက်ကွဲလာမှုကိုခံစားလိုက်ရပြီး ဆက်လက်မထိန်းထားနိုင်တော့သည်ကို သတိထားမိသွားသောကြောင့် ပေါင်ပေါ်တင်ထားသည့် အိတ်လေးတစ်လုံးကိုဖွင့်ကာ ပြောလိုက်ရသည် “ လျန်မိသားစုစုံတွဲက နှစ်ယောက်စလုံးလူကောင်းတွေပါ…သာ့လန်ရောကျွန်တော်ရောက အရမ်းကိုကျေးဇူးတင်နေမိလို့ လက်ဆောင်နည်းနည်းလောက် ပို့ပေးချင်နေတာလေ…သည်မှာ ကြီးမြတ်တဲ့လျန်မိသားစုကပေးထားတဲ့ ဇီးသီးကိတ်လေးတွေလည်း ကျန်နေသေးတာဆိုတော့ လူတိုင်းကိုမြည်းစမ်းကြည့်ရအောင် ခွဲပေးမယ်နော်…လက်ဆောင်ရတဲ့အခါကြ ဘယ်လိုမျိုးသက်တောင့်သက်သာရှိတယ်ဆိုတာ စားပြီးသွားရင် သဘောပေါက်လာကြလိမ့်မယ်…”
စကားဆုံးသည်နှင့် မြောင်ဟယ် လှည်းထဲရှိလူတိုင်းကိုရေတွက်ကာ ကိတ်မုန့်များခွဲဝေပေးလိုက်သည်။
၎င်းမှာ မူလအစတွင် သူ၏အတူလျန်မိသားစုစံအိမ်သို့လိုက်ပါပေးမည့် ကျီကွမ်းအတွက် ပြင်ဆင်ထားခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ဤသို့ခွဲဝေပေးလိုက်ခြင်းမှာ ပို၍သင့်တော်ပေလိမ့်မည်။
လျန်မိသားစုမှပေးလာသည့် ဇီးသီးကိတ်များမှာ စွန်ပလွံသီး၊သစ်ကြားသီးနှင့် သကြားညိုများများဖြင့် အချိုကဲလှပြီး သေချာပေါက်ပင် အပေါ်ယံတွင်ဖြူးထားသော ရနံ့ထုံမွှန်းလှသည့် နှမ်းစေ့များမှာ မျက်လုံးနှင့်နှာခေါင်းတို့ကို ဦးစွာအစာကျွေးနေခဲ့သည်။ ရွာသူရွာသားများအတွက်မှာမူ အနှီရိုးရှင်းလှသောမုန့်သည်ပင် တစ်သက်မှတစ်ခါစားရသော အချိုပွဲတစ်ခုဖြစ်နေပေမည်။ လှည်းမောင်းသောဦးလေးမာနှင့်အတူ လူတိုင်းမှာ ကိတ်မုန့်အပိုင်းလေးများကို လက်ခံရချိန်၌ အလွန်ဝမ်းမြောက်သွားကြရကာ ဤအချိုမုန့်ကိုပင် ပါးစပ်ထဲတွင်မြိုချရန် တွန့်ဆုတ်နေကြရသည်။ အဒေါ်ကြီးအချို့ဆိုလျှင် အိမ်ရောက်မှသာစားရန် အဝတ်ပိုင်းများဖြင့် ဂရုတစိုက်ထုတ်ယူသွားကြသေးသည်။