special part 🤍

2.9K 152 18
                                    

                                  🌙

ဒီနေ့က တတိယမြောက် မိုးရွာသည့်နေ့ဖြစ်သည် ။

ခြံရဲ့ ညာဘက်ထောင့်မှာရှိသည့်
စံပယ်ရုံကြီးမှာတော့ အရွက်နုလေးတွေခပ်မြိုင်မြိုင်နှင့်
ဖူးကြွနေသည့် စံပယ်ပန်းဖူးလေးတွေက အစီအရီပါဘဲ ။

နောက်မကြာခင် ရက်များမှာတော့
တခြံလုံးမှာ စံပယ်ရနံ့တို့နဲ့ မွှေးထုံနေတော့မှာကို
ကြိုတင်တွေးကြည့်ရုံဖြင့် ကြည်နူးနေမိလေသည် ။

အမိုးအကာအကြည်လေးဖြင့် ဥယျဥ်ခြံလေးတခုကို
မောင်က တခုတ်တရနဲ့ တည်ထောင်ထားပေးပေမယ့်
ခြံအပြင်မှာရှိသည့် စံပယ်ပန်းလေးတွေကိုမှ ပိုပြီးတော့
ခုံမင်တက်မက်နေမိတာက စွဲလမ်းမှုတမျိုးလေလား ။

နွေရာသီကတည်းက ဂရုတစိုက်နဲ့
ရေလောင်းလိုက် အရွက်ခြွေလိုက်ဖြင့်
အမြဲတစေ အနုတတ်တွေဝေအောင် ဖန်တီးခဲ့သည် ။

အခုတော့ သဘာဝမိုးရေတို့ကိုသောက်သုံးပြီး
ရှင်သန်ပွင့်ဖူးလာကြသည့် ပန်းဖူးလေးတွေက
မကြာခင်မှာ ဘုရားကပ်လှူခွင့်ရတော့မှာဖြစ်သလို
တပတ်လျှိုကေသာကျော့မှာလဲ ပန်ဆင်ရတော့မည် ။

အို ။

ဒီအချိန်ဆိုရင်ဖြင့်
ရွာက အမေ့ခြံထဲမှာလည်း
စံပယ်တွေဖူးနေလောက်ပြီပေါ့ ။

လွမ်းလိုက်တာ ။

ရွာမှာရှိနေသည့်
အဖေနဲ့အမေ မောင်လေးတို့ကိုသတိရလိုက်တာလေ ။

မိုးဦးကျခါစ,ဆိုတော့
အသီးအရွက်ခင်းတွေလဲ စိမ်းစိုနေရောပေါ့ ။

ငါးတွေဖားတွေလဲ ပေါပေါသီသီ ရနေရောပေါ့ ။

အမေနဲ့အဖေရော အရင်လိုရန်ဖြစ်ကြတုန်းလား ။

မောင်လေးရော တယောက်ထဲဘာတွေလုပ်နေမလဲ ။

မောင်က အလုပ်တွေနဲ့နပန်းလုံးနေရသလို
ကိုယ့်မှာလည်း သားနဲ့သမီးရဲ့ ပညာရေးတွေနဲ့မို့
အမေ့ရွာကို ခြေမချဖြစ်တာ ကြာသွားခဲ့ပြီဘဲ ။

တနေ့တော့ ရောက်အောင်သွားရပါဦးမည် ။

အမေနဲ့ အမေ့ရွာလေးဆီကို
မောင်နဲ့ သားသမီးတွေကိုခေါ်ပြီး
တခေါက်တော့ ရောက်အောင်သွားဖို့
စိတ်ထဲမှာ ဆုံးဖြတ်ထားလိုက်သည် .. ။

🌙 လရိပ်ညို 🌙 Where stories live. Discover now