special part 🤍

1.4K 128 13
                                    

လေတချက် ဝေ့တိုက်သွားခြင်းနဲ့အတူ
တ​ဖြုတ်ဖြုတ်ကြွေကျလာသည့်သစ်ရွက်ကြွေတွေက
ပြောင်စင်အောင်လှဲထားသည့် ခြံဝန်းအတွင်းမှာ ပျံ့ကြဲသွားကြသည်။

မီးခိုး​ငွေ့တွေအူထွက်နေသည့်အမှိုက်ပုံပေါ်သို့
သစ်ရွက်ခြောက်တချို့ကို ဖြန့်ကျဲအုံလိုက်သည်နှင့်
မီးတောက်တခုက ဟုန်းခနဲထ,တောက်လေသည် ..။

အပူရှိန်ကြောင့် ဝါးပင်ဖျားတချို့မှာ ယိမ်းထိုးသွားကြပြီး
ဝါးရွက်နုလေးတွေသည် ညှိုးရော်နွမ်းခြောက်သွားကြသည် ။

" သားရေ ညှော်တယ်ကွယ် ဘာတွေရှို့နေတာလဲ "

" အမေ့ဆီ အညှော်လာလို့လားအမေ
ကျနော် ကြွပ်ကြွပ်အိတ်လေးနည်းနည်း မီးထဲထည့်လိုက်မိလို့ "

" အမေက ရတယ်
ခေါင်းရင်းက ဘကြီးဖိုးနီက နေသိပ်မကောင်းဘူးလေကွယ်
စောသေးတယ်ဆိုပေမယ့် လူကြီးတွေက နိုးနေကြပြီသားရဲ့ .. "

" အင်းပါအမေ အမြန်သတ်လိုက်မယ် "

ပုဆိုးကိုတိုတိုဝတ်ကာ
မီးပုံဘေးမှာဆောင့်ကြောင့်ထိုင်နေရာမှ
အနားမှာ အဆင်သင့်ချထားသည့်ရေပုံးကို ယူလိုက်ပြီး
မီးပုံကိုတုတ်နဲ့ထိုးဖြဲကာ ရေနဲ့လောင်းချလိုက်သည် ။

ရှဲခနဲမြည်ကာ မီးခိုးငွေ့တွေလုံးတက်သွားပြီး
ခဏအကြာမှာဘဲ မီးခိုးငွေ့သေးသေးလေးဘဲကျန်ကာ
မီးပုံကြီးက ချုပ်ငြိမ်းသွားလေသည် ။

မီးပုံအလင်းရောင်ပျောက်သွားသည်နှင့်
ပတ်ဝန်းကျင်သည် ရောင်နီထွက်စ,ပြုလာသည် ။

အိမ်ရဲ့နောက်ဖေးဘက် ခြံကွက်လပ်ထဲမှာ
အမှိုက်တွေပုံပြီး မီးရှို့နေသည်မို့ လူတွေအိပ်ရာမထခင်
မနက်စောစောမီးရှို့နေခြင်းဖြစ်ပေမယ့် အမေပြောသလို
ဘကြီးဖိုးနီရဲ့ကျန်းမာရေးက သိပ်ကောင်းတာတော့မဟုတ်ပေ ။

အသက်အရွယ်လည်း ကြီးပြီဖြစ်သလို
ဘဝရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီဖြစ်တာမို့
သွေးသားမတော်စပ်ပေမယ့် စိတ်မကောင်းဖြစ်ရပါသည် ။

ငယ်စဥ်ကတည်းက ခြံချင်းကပ်နေလာကြသူတွေဖြစ်ပြီး
ရပ်ဆွေရပ်မျိုးဖြစ်သည့်ဘကြီးဖိုးနီသည် သူတို့တွေအပေါ်မှာ
မြေးသားတွေလို ချစ်ခင်ရှာသူဖြစ်သည် ။

🌙 လရိပ်ညို 🌙 Where stories live. Discover now