"ဟေ့ကောင်... ဆင်းလာပြီလား.. လာ... မင်းအတွက် မနက်စာအဆင်သင့်ပဲ"
လှေကားအဆင်းမှာ ခြေထောက်ချလိုက်မိချိန် ထမင်းစားခန်းထဲက အခိရုအသံက မနက်စောစောမှာ စပီကာတပ်ပြောလိုက်သည့်အတိုင်း...။ ပခုံးတစ်ဖက်မှာချိတ်ထားသည့် ကျောပိုးအိတ်ကို ပြင်လွယ်လိုက်ရင်း သူ့မျက်နှာရှုံ့မဲ့သွားသည်။ ဒါကိုမြင်ရဲ့သားနဲ့ မိန့်မိန့်ကြီးထိုင်ပြီး သူ့ကိုရယ်ပြနေသေး၏။ ခေါင်းပဲယမ်းပြလိုက်မိပြီး သူ့ခြေလှမ်းတွေက အိမ်ဝင်ပေါက်ဆီ ဦးတည်လိုက်တော့ အထဲက အသံကလည်း နောက်က တဆက်တည်း ပါလာသည်။
"ဟာ... ဒိုင်!... ဟေ့ကောင်... မနက်စာ မစားတော့ဘူးလား"
"မစားဘူး... သွားတော့မယ်"
"ဟာ... ဟေ့!... နေဦးလေ... ငါ့ကိုစောင့်ဦး... ပြီးတော့မှာ"
ခြေလှမ်းတွေတုံ့သွားပြီး နောက်လှည့်ကြည့်လိုက်ချိန် ဝဖိုင့်ဖိုင့် အခိရုခန္ဓာကိုယ်ကြီးက ထိုင်ခုံက ကြွတက်သွားပြီးမှ ပြန်ထိုင်ကျသွား၏။
ပါးစပ်ထဲမှာ ပလုပ်ပလောင်းနှင့် သူထွက်သွားမှာကို စိုးရိမ်ပြီး စားလက်စကို မဝါးပဲ မြိုချလိုက်မိတာက လည်ပင်းတောင်နင်သွားသည်။
မျက်လုံးပြူးမျက်ဆံပြူးနှင့် ကော်ဖီသောက်နေသည့် သူ့ပုံစံကိုကြည့်ပြီး ဒိုင် အသံထွက်အောင် ရယ်လိုက်မိတော့ မကျေနပ်သည့် အကြည့်စူးစူးက သူ့ဆီဒိုင်းခနဲ...။
"ဖြည်းဖြည်းစား... စားပိုးနင့်ရင် သေတတ်တယ်"
"ခွေးကောင်!"
"ဟား... ဟား"
ရယ်သံကနောက်မှာကျန်နေခဲ့ပြီး လူက လှည့်ထွက်သွား၏။ စားလက်စပေါင်မုန့်ကို ပါးစပ်ထဲအမြန်ထိုးထည့်ပြီး ကော်ဖီနဲ့မျှောချလိုက်ရတာတောင်မှ လည်ချောင်းထဲကို လျောလျောလျူလျူ မကျချင်...။ ဘေးကထိုင်ခုံပေါ်တင်ထားသည့် ကျောပိုးအိတ်ကို အမြန်လှမ်းဆွဲပြီး သူ့ခြေလှမ်းတွေက နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုသလို သကောင့်သားနောက်ကို ပြေးမတတ်လိုက်ရတော့၏။
ကားစက်နှိုးနေချိန် ဘေးတံခါးပွင့်သွားပြီး ထိုင်ခုံမှာ ဒရောသောပါးဝင်ထိုင်လိုက်သည့် ဝမ်လီ့ပုံစံက နဖူးမှာ ချွေးစတွေတောင် စို့နေ၏။ ဖြစ်ရလေ....။
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...