ကားထဲကဆင်းပြီး ခြေဆယ်လှမ်းတောင် မပြည့်ခင်လေးမှာ ဘောင်းဘီအိတ်ထဲက ဖုန်းသံကြောင့် ဒိုင် ဖုန်းကိုင်လိုက်ရင်းနှင့်...၊
"ပြော!"
"အံမယ်!... လေသံကိုက... ရည်းစားရသွားတာကို... တစ်ကမ္ဘာလုံး... ပိုင်သွားတယ်များ ထင်နေတာလား"
ထုံးစံအတိုင်း အခိရုရဲ့အသံက လှောင်သံကြီးနှင့်...။ နှစ်ယောက်လက်တွဲထားရင်း သူ့မျက်နှာရှုံ့မဲ့သွားတာမြင်တော့ ရွှန်းက ရယ်လေ၏။ ကိုယ့်ကို ငေးနေရင်း မြေပြင်က ချိုင့်ခွက်ကိုလည်း မမြင်တာကြောင့် သူကပဲ ရွှန်းလက်ကို သူ့ဘက်ယိုင်ကျလာအောင် ဆွဲလိုက်မိပြီး...၊
"ဒီဘက်တိုးလျှောက် ဘေဘီ... ခြေခေါက်လဲလိမ့်မယ်"
"ဟမ်!... ဒိုင်... ဘာပြောလိုက်တာလဲ.. ငါ့ကိုပြောနေတာလား"
စိုးရိမ်စိတ်နှင့် ဖုန်းပြောနေတယ်ဆိုတာကို မေ့သွားချိန် တစ်ဖက်က အခိရုရဲ့အသံကလည်း အံ့ဩတကြီးနှင့် အော်ပြောလိုက်သည့်အတိုင်း...။ ဒီလိုကောင်ကို ဘာလို့များ သူငယ်ချင်းတော်ခဲ့မိလဲမသိသည့် ကိုယ့်ကိုယ်ကိုပဲ နားရင်းအုပ်ပစ်ချင်မိသည့်အဖြစ်...။
"ကျွတ်!... မင်းကိုပြောနေတာမဟုတ်ဘူး... ငါ့ရည်းစားကို ပြောနေတာ... သူများရည်းစားကိစ္စကြားထဲ... ဝင်စပ်စုချင်နေတဲ့... မင်းဝါသနာကလည်း... တော်တော်လေး မသေးဘူးနော်"
"ဟား...ဟား... တင်းသွားပြီ... တွေ့လား"
"ခွေးကောင်!... ပြောစရာမရှိရင် ဖုန်းချလိုက်တော့"
"ဟာ!... ဟေ့... ရှိတယ်... ရှိတယ်... မင်းကို မတွေ့ရတာ... ဘယ်လောက်ကြာနေပြီလဲ... နှစ်ယောက်လုံး... ကန်တင်းကို ကြွခဲ့ကြပါဦး... မျက်နှာလေးတွေ မမှတ်မိတော့လို့"
ဆိုလိုရင်းက သူတို့ကိုတွေ့ချင်တာပဲမို့ ဘာကိုမှ စကားရှည်မနေတော့ဘဲ ဒိုင် ဖုန်းချပစ်လိုက်မိ၏။ ရွှန်းက သွားတွေပေါ်အောင် ရယ်ပြလာရင်း...၊
"အခိရုဆီကလား"
"ဟုတ်တယ်... ငါတို့ကို တွေ့ချင်လို့တဲ့... ကန်တင်းမှာ စောင့်နေတယ်"
"ဟုတ်လား... ဒါဆိုလည်း သွားမယ်လေ"
ပြောပြောဆိုဆိုနှင့် ရွှန်းက သူ့လက်ကိုဆွဲပြီး ရှေ့ကသွားဖို့ ခြေလှမ်းပြင်တော့၏။ ဘာတွေ တက်ကြွစရာရှိနေလို့လဲ...။ အဲဒီလက်ကိုပဲ ပြန်ဆွဲထားလိုက်မိရင်း ဒိုင့်မျက်နှာက သူ့အရိပ်အခြေကို အကဲခတ်နေသည့် မျက်လုံးတွေနှင့် ငေးကြည့်လာသည်။

YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...