23 - U

12 3 1
                                    

ကားမောင်းလာရတာရော ဒီအိမ်ကို ရောက်တဲ့အထိပါ သူ့စိတ်ထဲမှာ ပူထူနေတာကလွဲပြီး တခြားဘာကိုမှ ခံစားကြည့်လို့မရ...။ ခပ်ဟဟပွင့်နေသည့် အခန်းတံခါးကိုတောင် တွန်းဖွင့်ကြည့်ဖို့ လက်တွန့်နေမိချိန် တံခါးက ရှပ်ခနဲ ပွင့်လာခဲ့ကာ...၊

"သားရောက်လာပြီလား"

ငိုထားသလိုမျက်လုံးတွေနှင့် မဒမ်ယုကီမျက်နှာက နီရဲနေ၏။ သူမကိုကျော်ပြီး အိပ်ခန်းထဲက ခုတင်ပေါ်မှာ ကျောမှီထိုင်နေသည့် ရွှန်းကို လှမ်းကြည့်လိုက်မိသည်။ တစ်ယောက်နဲ့တစ်ယောက် မြင်နိုင်လောက်သည့် အကွာအဝေးမှာ မျက်လုံးချင်းဆုံနေကြတာတောင်မှ တစ်ချက်လေးမှ ပြုံးမပြလာသည့် သူ့ပုံစံလေးကြောင့် ဒိုင့်မျက်နှာက ခြောက်ခြားခြင်းတွေနှင့် သွေးဆုပ်ဖြူလျော်သွား၏။

"အန်... အန်တီ... ရွှန်းမျက်လုံးတွေက..."

ခေါင်းညိတ်ပြလာသည့် သူမမျက်လုံးထဲက မျက်ရည်စတွေကလည်း အတားအဆီးမဲ့ တပေါက်ပေါက်ကျလာရင်း သူ့ကို ကွေ့ရှောင်ထွက်သွားခဲ့၏။

ရုတ်တရက် ငိုသံရော၊ စကားသံကြောင့်ပါ ခုတင်ပေါ်မှာ ကျောမှီထိုင်နေသည့် ရွှန်းရဲ့ခေါင်းစောင်းသွားပြီး ဝင်လာသည့် ခြေသံကိုလည်း နားစွင့်လိုက်မိသည်။ ခုတင်ပေါ်ကို ထိုင်ချလာသည့် အထိအတွေ့နှင့် ရင်းနှီးနေကျ ကိုယ်သင်းနံ့နှင့်အတူ သူ့ကိုလည်း တင်းတင်းကျပ်ကျပ်သိုင်းဖက်လာခဲ့သူကို ပြန်ဖက်ထားလိုက်မိရင်း စိတ်တွေကို လျှော့ချလိုက်မိတော့ မျက်ရည်တွေကိုလည်း တားလို့မရနိုင်ခဲ့...။

"ဒိုင်!... ငါလေ..."

"မပြောနဲ့... ငါရောက်လာပြီပဲ... မင်းအနားမှာ ငါရှိနေပြီမို့လို့... ငိုချင်ရင် ငိုချလိုက်"

တကယ်လည်း ငိုပစ်လိုက်တာက ရှိုက်သံတွေတောင် ပါလာခဲ့ပြီး သူ့ပခုံးပေါ်မှာတောင် မျက်ရည်တွေ စိုလူးကုန်သည်။ ကျောပြင်လေးကိုပဲ ဖွဖွပွတ်သပ်ပေးနေရင်း ဆောက်တည်ရာမဲ့ဖြစ်ချင်နေသည့် ကိုယ့်စိတ်ကို အနိုင်နိုင်ထိန်းထားရရင်း သူကိုယ်တိုင်လည်း မျက်ရည်တွေကိုသာ ထွက်ပေါက်ပေးလိုက်ရ၏။ ဒီလိုနေ့ကို မျှော်လင့်ထားပြီးသားဆိုပေမဲ့ လက်မခံနိုင်သေးပါ...။

SOULMATEWhere stories live. Discover now