1 - Z

9 0 0
                                    

"သားရေ... အိပ်ရာနိုးပြီလား"

တံခါးခေါက်သံနှင့်အတူ လော့ခ်မချထားသည့် တံခါးကို အသာတွန်းဖွင့်ဝင်လိုက်စဉ် မသပ်မရပ်ခေါက်သိမ်းထားသည့် အိပ်ယာက ဗလာဖြစ်နေ၏။ အခန်းထဲကို ဟိုဟိုဒီဒီလျှောက်ကြည့်မိနေချိန် ရေချိုးခန်းတံခါးပွင့်လာပြီး လူရိပ်ထွက်လာတာ မြင်လိုက်တာနှင့် မဒမ်ယုကီတစ်ယောက် အနားကို အပြေးသွားလိုက်မိရင်း သူ့လက်မောင်းတစ်ဖက်ကိုလည်း ထိန်းကိုင်လိုက်မိသည်။

"သားရယ်.... မေမေ လာနှိုးတာကို စောင့်ပါဦးလား... မတော်လို့... ချော်လဲနေရင် ဘယ်လိုလုပ်မလဲ"

"ကိုယ့်အိမ်ထဲမှာတော့... ကျွန်တော့်အတွက်... ဘယ်နေရာ ဘာရှိတယ်ဆိုတာ... ကျင့်သားရနေပါပြီ... မနက်ဆိုရင်... မေမေ့မှာလည်း... လုပ်စရာတွေနဲ့မို့လား"

"အမလေး... အဲဒါတွေထက်... သားက ပိုအရေးကြီးတာပေါ့... အိပ်ယာကိုလည်း... ခေါက်မနေနဲ့... မေမေက... နေ့တိုင်း အခန်းသန့်ရှင်းရေးလုပ်ပေးနေတာပဲ"

သူမစကားကြောင့် ပခုံးတစ်ဖက်ပေါ်ကို တဘက်တင်ထားပြီး မျက်နှာသုတ်နေသည့် ရွှန်းလက်တွေ တုံ့သွား၏။ သူမ အသံလာရာဘက်ဆီကို ခေါင်းငဲ့လာပြီးမှ....၊

"ဘာဖြစ်လို့လဲ... အိပ်ရာသိမ်းတာ... အဆင်မပြေသေးဘူးထင်တယ်... ဟုတ်လား... မေမေ"

ကိုင်ထားမိသည့် လက်မောင်းတစ်ဖက်ကို အသာလေးရုန်းထွက်သွားပြီး သူ့ခြေလှမ်းတွေက ခုတင်ဆီကို တရွေ့ရွေ့လှမ်းသွားနေ၏။ သူမ စိတ်ပူသွားပေမဲ့ ခြေလှမ်းတွေ မယိုင်သွားဘဲ ခုတင်ပေါ် ထိုင်ချလိုက်သည့်အချိန်အထိ တိတ်တိတ်လေး ငေးကြည့်နေလိုက်မိသည်။

ရွှန်းက ခြေရင်းမှာ ခေါက်ထားသည့် စောင်အနားစတွေကို လက်နဲ့ စမ်းကြည့်နေကာ...၊

"အရင်ကထက်စာရင်... နည်းနည်းတော့ ညီလာပြီမို့လား"

"သားရယ်"

သူမ မျက်ရည်မဆည်နိုင်တော့ဘဲ ထိုင်နေသည့် သူ့ခေါင်းလေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဆံပင်တွေကို ဖွဖွပွတ်ပေးလိုက်မိ၏။ သားလေးအဖြစ်ဆိုးလိုက်တာပါလား....။

ရွှန်းကလည်း သူမ ခါးကို ပြန်ဖက်လာပြီးမှ...၊

"မငိုပါနဲ့... ကျွန်တော့်အတွက်နဲ့... မေမေစိတ်မကောင်းဖြစ်နေရင်... မေမေ့ကို ပိုပြီး အားနာမိတယ်... တကယ်ဆိုရင်.... မေမေအားကိုးရမဲ့ သားက... ဒီအရွယ်ထိ... မေမေ့ကိုပဲ... ပြန်မှီခိုနေရလို့... ကျွန်တော် တောင်းပန်ပါတယ်"

SOULMATEWhere stories live. Discover now