28 - U

21 2 0
                                    

     ကိုယ့်မျက်နှာရှေ့မှာ ဖြန့်ကားပေးထားသည့် လက်ချောင်းပြည့်ပြည့်ဖောင်းဖောင်းလေးတွေကို လေမှုတ်ပေးလိုက်ပြီးမှ...၊

"ကဲ!... လက်က ညှပ်ပြီးသွားပြီဆိုတော့... ခြေထောက်ပေးလိုက်... လာ... နောက်ကိုနည်းနည်းဆုတ် ထိုင်ပြီးရင်... ငါ့ပေါင်ပေါ်ကို... ခြေထောက်လှမ်းတင်လိုက်"

     သူပြောတဲ့အတိုင်း စကားနားထောင်နေတဲ့ ရွှန်းနှုတ်ခမ်းလေးကလည်း ပြုံးနေ၏။ နှစ်ယောက်သား အိမ်လည်း မပြန်ဖြစ်ကြသေးဘဲ ဒီအိမ်မှာပဲ အချိန်ဖြုန်းနေမိကြပြီး ဖုန်းတွေကိုလည်း အနားမှာတောင် မယူထားမိကြ...။ မသိလျှင် အိမ်ထောင်ကျပြီးကာစ ဟန်းနီးမွန်းထွက်လာသည့်အတိုင်း...။

     အခုလည်း ရေချိုးပြီးသွားကြချိန် နေ့လည်စာစားပြီးတော့ ဒိုင့်တာဝန်က သူ့ကို လက်သည်းခြေသည်းညှပ်ပေးဖို့ဖြစ်လာတာပါ။ ပေါင်ပေါ်တင်ပေးလာသည့် ခြေထောက်လေးတွေက ခြေချောင်းလေးတွေကအစ ဖြူနုနေပြီး ဖဝါးစောင်းတွေ၊ ခြေချောင်းထိပ်လေးတွေက သွေးသွေးနီနေ၏။

     ကိုယ့်ကို ခြေသည်းညှပ်ပေးနေသည့် သူ့ပုံစံကို ပုံဖော်ကြည့်နေရင်း ခေါင်းလျှော်ပြီးကာစ ဆံပင်စိုထန့်ထန့်လေးတွေကို လက်နဲ့အသာလေးပွတ်သပ်ပေးလိုက်မိကာ...၊

"ဒိုင်!"

"ဟင်!"

"မင်းကို အရမ်းချစ်တာပဲ... သိလား"

"အဟွန်း!... မင်းချစ်နေဖို့ပဲ... ဒီကောင်က ကြိုးစားနေရတာပဲလေ... တကယ်ပြောနေတာလား"

     မမြင်ရပေမဲ့ ကျေနပ်နေသည့်မျက်နှာနှင့် ကိုယ့်ကိုငေးကြည့်နေမှာကိုလည်း သိပြီးသားပါ။ ခေါင်းညိတ်ပြလိုက်ချိန် သူ့နှုတ်ခမ်းလေးမှာလည်း ဖြတ်ခနဲနွေးသွားပြီးမှ...၊

"ငါလည်း... မင်းကိုချစ်တယ်... ငြိမ်ငြိမ်နေပါကွာ... ခြေသည်းညှပ်ပေးနေတာကို"

     ခြေချောင်းလေးတွေကို တစ်ချောင်းနဲ့တစ်ချောင်း ပွတ်နေပြီးတော့ အကိုင်မခံရအောင် စနေသည့် ခြေထောက်လေးတွေကို ဖမ်းချုပ်ပစ်လိုက်ရ၏။

"ရွှန်း!"

"ဟား... ဟား"

"ငြိမ်ငြိမ်နေပါဆိုကွာ... မှောင်ရိပ်သမ်းနေပြီ... တော်ကြာ... မင်းရည်းစားက ညနေစာအတွက်... စီစဉ်ရဦးမှာ"

SOULMATEWhere stories live. Discover now