အနားက လှုပ်ရှားနေကြသံတွေကို အသာလေး နားစွင့်ထားရင်း ပေါင်ပေါ်တင်ထားသည့် ကိုယ့်လက်တွေကိုပဲ ဖိဆုပ်ထားလိုက်မိ၏။
"စိတ်တွေလှုပ်ရှားနေတာလား... သား"
ပခုံးပေါ်ကို ကျလာသည့် သူမလက်ကိုပဲ ဖွဖွပြန်ဆုပ်ထားလိုက်မိကာ...၊
"ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး... ကျွန်တော့်အတွက်တော့ အိပ်မက်လိုပဲ"
ဆေးရုံခုတင်ပေါ်မှာ ခြေချထိုင်နေရင်း မျက်လုံးတွေကို စည်းထားသည့် ပတ်တီးဖြူဖြူတွေကြားထဲက ရွှန်းရဲ့နှုတ်ခမ်းလေးတွေ ပြုံးကျနေ၏။ သူမကိုယ်တိုင်လည်း ပီတိမျက်ရည်တွေနှင့် ဘေးကနေ ငေးကြည့်နေမိရင်း မကြာသေးသည့် အတိတ်ဆီက ဒိုင့်ဆီကတောင်းပန်စကားတွေကိုလည်း ပြန်ကြားလာရချိန် ရင်တစ်ခုလုံး မွန်းကျပ်သွားမိသည်။
"အကြောင်းစုံကို... အားလုံးသိပြီးသွားပြီမို့လို့... အန်တီတို့သားအမိအပေါ်မှာ... တောင်းပန်စကားကလွဲပြီး... ကျွန်တော် ဘာမှမပြောရဲတော့ပါဘူး... ခွင့်မလွှတ်သင့်တဲ့အမှားကို ကျူးလွန်မိခဲ့တဲ့... ကျွန်တော့်ကို... ခွင့်လွှတ်ပေးလိုက်တဲ့... အန်တီ့ကိုပိုပြီး... မျက်နှာချင်းမဆိုင်ရဲတာလည်းပါ,ပါတယ်... ဒါတွေကို... ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ... ကျွန်တော် မစဉ်းစားတတ်တော့ဘူးဆိုတာကိုလည်း... တစ်ခါတည်း ဝန်ခံပါရစေ... ဒါကြောင့်မို့... အရာအားလုံးကို... နားလည်ပေးပါလို့ပဲ... ထပ်ပြီးတောင်းဆိုရတော့မှာပါ... ရွှန်းကိစ္စနဲ့ပတ်သက်ပြီး... မှားခဲ့တဲ့ကျွန်တော့်ကို... သူတစ်ယောက်တည်းအတွက်ကိုပဲ... ခေါင်းထဲထည့်စဉ်းစားပေးပြီး... ကျွန်တော် ကူညီပေးသမျှကို... လက်ခံပေးပါ အန်တီ... ဒါတွေပြီးသွားရင်တော့... အန်တီတို့သားအမိဘဝထဲကနေ... ကျွန်တော် ပျောက်ကွယ်သွားပေးပါ့မယ်"
ကိုယ့်ဘက်က ဘာမှပြန်မပြောနိုင်ခင်မှာပဲ ဖုန်းချသွားခဲ့တာကိုလည်း သူမ မှတ်မိနေပါသေး၏။ တကယ်လည်း ဒီစကားကိုသာ နောက်ဆုံးကြားလိုက်ရပြီး သူ့အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရတာ အခုချိန်ထိ...။ နောက်ကွယ်က ကူညီပေးတာတွေကိုလည်း လက်ခံနေရရင်း ဒီကိစ္စကြီးကို သားဖြစ်သူ မရိပ်မိသွားအောင် ဖုံးဖိနေထိုင်ခဲ့ရချိန်တွေက သူမအတွက်တော့ ငရဲခန်းတစ်ခုလိုမျိုး...။ တကယ်ဆိုလျှင် သွေးပူနေချိန်တုန်းကတောင်မှ နားလည်ပေးနိုင်ခဲ့တာက အခုချိန်မှာတော့ သူမ ရင်ထဲမှာ အရင်ကလောက် မတုန်လှုပ်မိတော့ဘူးဆိုတာကိုလည်း ဝန်ခံရမှာပါ။ ဖြတ်သန်းလာရသည့် အချိန်ခဏလေးအတွင်းမှာ ခံစားလိုက်ရတဲ့ အပြန်အလှန်မေတ္တာတွေကြောင့်လို့ပဲ ခေါင်းစဉ်တပ်ရမလား။ ဒါပေမဲ့လည်း ပြီးတာတွေက ပြီးသွားခဲ့ပြီမို့...။ ဒိုင့်ဘဝထဲကနေ သူတို့၊ သူတို့ဘဝထဲကနေ ဒိုင် ဆိုတာက တဖြည်းဖြည်းနဲ့ပဲ ပျောက်ကွယ်သွားရတော့မဲ့ အနေအထားမျိုး...။ ဒီအကြောင်းတွေကို ဘာမှမသိသေးသည့် သားဖြစ်သူဆီ ဘယ်လိုပြောပြရမလဲ...။
YOU ARE READING
SOULMATE
Fanfictionလူသားတွေအတွက် ကြမ္မာရေစက်ဆိုတာကို ဘယ်လောက်အထိ ယုံကြည်ထားလို့ရမလဲ။ တွေ့ဆုံခြင်းတွေ မလှပခဲ့တာနဲ့ပဲ နောက်ထပ်ရလာမဲ့ ရေစက်ကောင်းတွေကိုရော တစ်ခါတည်း စွန့်လွှတ်ပစ်လိုက်ရမှာလား။ မုန်တိုင်းဆိုတိုင်း မထန်တတ်ပါဘူး။ တစ်ခါတလေမှာ အကြင်နာတရားကင်းမဲ့ခြင်းမှသည် စိတ်...