အပိုင်း-၅၂

1.3K 97 0
                                    

 အမုန်းသင့် ဧကရာဇ် (အပိုင်း-၅၂)

@@@@@@@@@@@@@@@

မတောင်းပန်ပါနဲ့ ဆိုပြီး အော်ဟစ် ငိုကြွေးလိုက်ရမည်လား..၊ အဆင်ပြေပါတယ် ဆိုပြီး ညာလိုက်ရမည်လား..၊ ဘာလို့ ကတိမတည်တာလဲ ဆိုပြီး.. ပြစ်တင် ပြောဆိုရမည်လား..၊

ပြစ်တင် ပြောဆိုဖို့ကလည်း ထိုသူမကို မင်းကြီးက ရင်ခွင်ထဲမှာ ထည့်သွင်းပွေ့ပိုက်ထားတာ မဟုတ်သည့်အပြင် အဝေးဆုံးကို ရောက်သွားဖို့ မင်းကြီး ကိုယ်တိုင်ပင် ခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်.. အသံတွေ မတုန်ရင် သွားရန်သာ ဂရုစိုက်လိုက်ပြီး..

'ကျွန်မ ဒီတိုင်းလေးပဲ နေသားကျသွားမှာပါ..'

ပြောပြီးသည်နှင့် ထိုအခန်းအတွင်းဝယ် အရာအားလုံး တိတ်ဆိတ်သွားတော့၏။ တိတ်ဆိတ်လွန်းသဖြင့် အပြင်မှ လေပြေလေညင်း တိုက်ခတ်သံကိုပင် အတိုင်းသား ကြားနေရသည်။ မင်းကြီးသည် အစဉ်မြဲတည်ကြည်သော မျက်နှာအတိုင်း မီးရောင်အောက်တွင် မျက်နှာတော်က တည်ကြည်ဆဲ ဖြစ်၏။ သို့သော် မျက်လွှာချထားသော အောက်ရှိ မျက်ဝန်းများ မှိန်ဖျော့ကောင်း မှိန်ဖျော့နေနိုင်တာကို ဝိန့်ရီ နားလည်သည်။

'ဝိန့်ရီ သွားလိုက်ပါအုံးမယ်..'

ခေါင်းသာ တစ်ချက် ငြိမ့်ပြသည်။ မျက်လွှာပင် ပင့်မကြည့်ပေ။ ဒါကိုလည်း ဝိန့်ရီ အသားကျပြီး ဖြစ်၏။ တစ်နေ့..၊ တစ်နေ့မှာတော့.. မင်းကြီးလည်း ချစ်ရသူ မရှိတဲ့ နေရာမှာ အသားကျသွားနိုင်ပါတယ်လေ..၊

@@@@@@@@@

မနက်ဖြန် နန်းတော်ကနေ ထွက်ရတော့မည်။ မိဖုရားကြီး ပေးထားသော နန်းတော်ပြင် ထွက်ရန် အမိန့်စာကို ကျေနပ်စွာ အထပ်ထပ် အကြိမ်ကြိမ် ဖတ်ကြည့်ပြီးသော်လည်း ရှောင်နန် မကျေနပ်နိုင်သေးပေ။ ယခုလည်း အမိန့်စာကို ထပ်တစ်ခါ ဖတ်ရှုမိပြန်သည်။ ပြီးတော့ အဝတ်များ ခေါက်ပြီး ထားသော ကုတင်ပေါ်တွင် သေချာလေး တင်လိုက်သည်။

မနက်ဖြန် သူမ နန်းတော်ပြင်သို့ သွားရမည်မို့.. ချိုင်ယွဲ့က မျက်နှာမကောင်းပဲ ဖြစ်နေသည်။ သို့သော် အပြစ်စကားမဆိုသလို မသွားရန် တောင်းဆိုတာကိုလည်း မလုပ်ပေ။ ချိုင်ယွဲ့က သူမထက် အသက်နှစ်နှစ်မျှသာ ကြီးသော်လည်း အရာအားလုံးကို နားလည်ပြီးသော အစ်မကြီးတစ်ဦး၏ ဟန်ပန်မျိုးဖြင့်သာ နေတတ်သူ ဖြစ်၏။

အမုန်းသင့်ဧကရာဇ် (The Hated Emperor)Onde histórias criam vida. Descubra agora