one(unicode)

5.5K 298 1
                                        

Love is burning …
Like a …
PHOENIX…
_____________

မီးတောက်တွေ ကို ငါ မြင်နေရတယ်… ။
လိမ္မော်နီရောင်မီးတောက်တွေက ကြီးမားတဲ့အိမ်ကြီးကို ဝါးမြိုနေတယ်… ။

အိမ် …… ဟုတ်တယ်… အိမ်……။ ငါ နဲ့ ငါ့ခင်ပွန်း သူ … ငါတို့ရဲ့အိမ်……။မီးလောင်နေတဲ့ ငါတို့အိမ် ကြီးရဲ့ ခပ်လှမ်းလှမ်းမှာ ငါ အကြောင်သား ရပ်နေမိ တယ်… ။ ကျောလယ်ထိရှည်တဲ့ ငါ့ဆံပင်ညိုညိုတွေက ပြေလျော့ပြီး ရှုပ်ပွလို့… ။

ငါ့ကျောပေါ်မှာ အိတ်တစ်လုံးက်ို လွယ်ထားတယ်။ အဲ့ဒီအိတ်ထဲမှာ အရေးပေါ်သုံးလို့ရတဲ့ ဆေးဝါးတွေ… ရွှေချောင်းအနည်းငယ် နဲ့ ငါ့ကိုယ်ပိုင် ခရီးသွားလာခွင့်ကဒ်ပြားတွေ ပါတယ်… ။ ငါ့ရင်ဘတ်မှာ တဝါးဝါးအော်ငိုနေကြတဲ့ လသားအရွယ် ကလေးတစ်ယောက်ကို သိုင်းလွယ်ထားတယ်… ။ ငါ့ ခြေသလုံးနာကို တဖက် တချက်က ဖက်ထားတဲ့ ခြောက်နှစ်သားအမွှာလေး နှစ်ယောက်က မျက်ရည်အဝဲသားနဲ့ ငါ့ကို မော့ကြည့်လာတယ်… ။

"မေမေ…… သား ကြောက်တယ်…… "

မေမေ တဲ့…… ။ ငါနဲ့ မအပ်စပ်တဲ့ အခေါ်အဝေါ်တစ်ခုကြောင့်ထင်ရဲ့… ။မီးတောက်တွေရဲ့ အပူရှိန်ကြားမှာတောင် ငါ့ကျောရိုးတလျောက်က စိမ့်ကနဲ အေးသွားတယ်… ။

မေမေ ဆိုတာ သိပ်မြင့်မြတ်တဲ့ ရာထူးတစ်ခု… ။ ကိုယ့်ရင်က ဖြစ်တဲ့ သန္ဓေသားကို ဝမ်းထဲမှာ ကိုးလတိတိ လွယ်ရတယ်… ။ ရင်သွေးကို နာကျင်ခက်ခဲစွာမွေးဖွားရတယ်… ။ ကိုယ့်သွေးကဖြစ်တဲ့ နို့ရည်တွေကို တိုက်ကျွေးရတယ်… ။ မျက်ရည်စက်တွေ ချွေးတွေနဲ့ ရင်းပြီး တသက်တာ ပြုစုစောင့်ရှောက်ပေး ရတယ်……။

ဒီကလေးတွေ ငါ့ကို မေမေလို့ မခေါ်သင့်ဘူး… ။ ဘာလို့လဲ ဆိုတော့ ငါမှ သူတို့ကို မလွယ်ခဲ့တာ… ။  ငါ့ရင်ဘတ်ပေါ်က ကလေးငယ်ကို ငါ ငုံ့ကြည့်လိုက်တယ်… ။ သူဟာလည်း ငါ့ဝမ်းထဲက မွေးထုတ်ထားတဲ့ ငါ့ရင်သွေးမဟုတ်ဘူး…… ။

ငါဟာ ရင်သွေးလွယ်နိုင်တဲ့ မိန်းမတယောက် ဒါမှမဟုတ် ကော(Ger)တယောက် မဟုတ်ဘူး… ။

ငါ့မှာ လှပတဲ့အညိုရောင် ဆံပင်ရှည်တွေ ရှိတယ်…။  သေးသွယ်တဲ့ ကိုယ်ခန္ဓာရှိတယ်… ။ ဒါပေမယ့် ငါဟာ ယောက်ျားလေးတစ်ယောက်… ။ သိပ်မကျန်းမာ ပေမယ့် ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်တဲ့ ယောက်ျားလေးတယောက်… ။

ဒါပေမယ့်……… ။

"မကြောက်နဲ့……  "

ငါ့နှုတ်ဖျားက စကားတစ်ခွန်းထွက်လာတယ်…။  ငါ ဒူးထောက်ထိုင်ချလိုက်ပြီး ငါ့လက်မောင်းနှစ်ဖက်ကြားမှာ အမွှာလေးကို ပွေ့ဖက်လိုက်တယ်… ။

"မေမေ ရှိတယ်………  "

အမွှာလေးတွေက ငါ့လက်မောင်းတွေကို မှီတွယ်ပြီး တအိအိငိုကုန်ကြပြီ… ။ ငါ့ရင်ဘတ်ပေါ်က ကလေးလေးကလည်း စူးစူးဝါးဝါးအော်ငိုတုန်းပဲ… ။

"မင်းတို့မေမေ ဒီမှာ ရှိတယ်………  "

ဒီစကားကို ပြောလိုက်တဲ့အချိန်မှာ ငါ့ပါးပြင်ပေါ်က်ို မျက်ရည်စတွေ လိမ့်ကျလာတယ်… ။ ငါ ငိုနေမိပြန်ပြီ…။

ငါ လူတွေရှေ့မှာ ဘယ်တော့မှ မငိုဘူး… ။ ငါ ဘယ်သူ့ရှေ့မှာမှ မငိုဘူး လို့ ငါ့မေမေက်ို ငါ ကတိပေးခဲ့တယ်… ။ ငါ ငိုရင်တောင် တယောက်တည်း ကျိတ်ငိုမယ် …လို့ ငါကတိပေးခဲ့တယ်……  ။

အဲ့ဒီကတိကို ငါ တတိယအကြိမ်မြောက် ချိုးဖောက်မိ ပြန်ပြီ… ။

မီးတောက်တွေရဲ့ အပူရှိန်က သိပ်ပူတာပဲ… ။ ဒါပေမယ့် ဒီမီးတွေက ငါ့ရင်က်ို လောင်မြိုက်နေတဲ့ မီးတောက်တွေလောက် ပူနိုင်ပါဦးမလား…… ။

ဘယ်တုန်းက စတင်ခဲ့တာလဲ…… ။ ငါ့နှလုံးသားကို ငါကိုယ်တိုင် မီးမြိုက်ခဲ့မိတာ ဘယ်တုန်းကလဲ…။

ငါ မှတ်မိနေသေးတယ်… ။

မဟုတ်ဘူး…… ငါ မှတ်မိနေတာ မဟုတ်ဘူး…… ။

ငါ… ဘယ်တော့မှ မမေ့နိုင်ခဲ့တာ……။

___________________ToBeContinue


PHOENIX |[ completed ]|Where stories live. Discover now