.U.
အပိုင်း(၁၈)
နှစ်နှစ် နဲ့ လေးလ… ။
ဆောင်းနှစ်ခု မိုးနှစ်ခု နဲ့ နွေသုံးခု ကို ဖြတ်သန်းအပြီးမှာ ငါ သိလိုက်တယ် ။ ဘူတန်မှာ နေခဲ့တာ နှစ်နှစ်နဲ့ လေးလ ကြာခဲ့ပြီ။တောင်ဇလပ်ပွဲတော် သုံးခုကို ငါ ကြုံခဲ့ပြီ ။
သူ ရောက်မလာခဲ့ပြန်ဘူး ။
ငါ ဒီကိုရောက်ပြီး တစ်နှစ်ကျော်အကြာမှာ အဘိုးရဲ့သား ခွင့်တစ်ပတ်နဲ့ အိမ်ပြန်လာတယ် ။ အဘိုးရဲ့သား ဦးလေးက အဘိုးလိုပဲ ခပ်ပြုံးပြုံး ။သူ့အခန်းမှာ ငါ နေနေတာတွေ့တာတောင် ခပ်ပြုံးပြုံးနဲ့ ဧည့်သည်ခန်း ကျဉ်းကျဉ်းလေးထဲမှာ တည်းခိုသွားတယ် ။ သားထောက်သမီးခံမရှိတဲ့ ဦးလေးက သူ့ကိုယ်သူ ငါ့ရဲ့ အာ့ပါ (Apa) အဖေ… ငါ့ကလေးတွေရဲ့အာ့ဂယ် (Agay) ဘိုးဘိုး ပါတဲ့ ။ သဘောကောင်းလွန်းတဲ့ ဘူတန်လူမျိုးတွေကို ငါတကယ်မြတ်နိုးမိပါရဲ့။
အချိန်တွေက မြန်မြန်ကြီးပဲ ကုန်လွန်သွားတယ် ။ကျောင်းတက်နေပြီဖြစ်တဲ့ အမွှာတွေက ဘူတန်စကားကို ငါ့ကိုဈေးထဲ သွားရောင်းစားနိုင်တဲ့အထိ ကျွမ်းကျင်နေပြီ ။ စကားပြောတတ် စ သမီးဟာလည်း ငါတို့အမိမြေစကားနဲ့ ဘူတန်စကားကို ခွဲခြားပြီး သုံးတတ်နေပြီ ။ ဒီနေ့ဟာ သမီး သုံးနှစ်ပြည့်တဲ့နေ့ ။ ငါ ကိုယ်တိုင်ချုပ်ပေးထားတဲ့ ခီရာအပြာနုလေးနဲ့ သမီးဟာ ချစ်စဖွယ်ကောင်းပြီး ကျက်သရေရှိနေတယ် ။ ဦးလေး အိမ်ပြန်လာတဲ့အချိန်နဲ့ ကြုံတော့ ဦးလေးက ငါတို့ကို သူ့အလုပ်ဆီ အလည်အပတ်ခေါ်တယ် ။ ငါ အဝတ်တွေကို ထုတ်သိမ်းချိန်မှာအဘွားက ရိုးရာအစားအစာတွေနဲ့ အာရာ (Ara) လို့ခေါ်တဲ့ ကောက်ညင်းခေါင်ရည် ကို ထုတ်ပိုးပေးတယ် ။
"အာ့ဂယ်(agay) တာ့တာ… အန့်ဂယ်(angay) တာ့တာ… "
[Dzongkha : Bhutanese language | agay - grandpa/ anagy- grandma ]
"ဂရုစိုက်ကြနော်…… "
"ပျော်ပျော်နေခဲ့……… "
ဦးလေးရဲ့ ဂျစ်ကားက ဖုန်ထူထူ လမ်းကလေးအတိုင်း တရွေ့ရွေ့ထွက်လာတယ် ။ အဘိုးနဲ့အဘွားကို ငါတို့ လက်ပြနှုတ်ဆက်ခဲ့ကြတယ် ။ သင်ဖူးကနေ ၅နာရီကျော်သွားရတဲ့ ခရီးလမ်းတလျောက်မှာ သီချင်းတကျော်ကျော်နဲ့ သားနှစ်ယောက် ကို ကြည့်ရင်း ငါ စိတ်ချမ်းသာစွာ ပြုံးမိတယ် ။ သမီးလေးကတော့ ငါ့ကိုမှီပြီး ငိုက်မြည်းလို့။
ဦးလေးဟာ ဝင်ငွေကောင်းတဲ့ မိုင်းလုပ်သားတစ်ဦးဖြစ်တယ်။ ဦးလေးရဲ့ ဇနီးက ငါတို့ကို ဝမ်းသာအားရကြိုဆိုတယ် ။ ဦးလေးနေတဲ့ဝန်ထမ်းအိမ်ယာမှာ ပါလာတဲ့ နှစ်ရက်စာပစ္စည်းတွေကို နေရာချလိုက်တယ် ။ နေ့လည်စာ စားပြီး နောက်မှာ မိုင်းတွင်းတွေဆီ ငါတို့ လျောက်ခဲ့တယ် ။
ဘူတန်အနောက်တောင်ဘက် ဂူမ်တူ (gomtu) မြို့ကလေးမှာ ပူဂ်လီ(Pugli)တောင်တန်းတွေ ရှိတယ် ။ အမည်မဖော်လိုတဲ့ ကုမ္ပဏီတစ်ခုရဲ့ အခြေစိုက်လုပ်ငန်းက တောင်တန်းတွေကို ပျက်စီးစေတယ် ဆိုပြီး ဒေသခံတွေက မိုင်းလုပ်ငန်းကို မနှစ်သက်ကြ ။
YOU ARE READING
PHOENIX |[ completed ]|
Short StoryLove is Burning ... Like a P H O E N I X a chanbaek BL fanfiction
![PHOENIX |[ completed ]|](https://img.wattpad.com/cover/219095914-64-k916322.jpg)