1

574 12 0
                                    

[Unicode]

အပိုင်း( ၁ )

       မီးတောက်တွေ ကို ငါ မြင်နေရတယ်… ။
လိမ္မော်နီရောင်မီးတောက်တွေက ကြီးမားတဲ့အိမ်ကြီးကို ဝါးမြိုနေတယ်… ။
        အိမ် …… ဟုတ်တယ်… အိမ်……။ ငါ နဲ့ ငါ့ခင်ပွန်း သူ … ငါတို့ရဲ့အိမ်……။မီးလောင်နေတဲ့ ငါတို့အိမ် ကြီးရဲ့ ခပ်လှမ်းလှမ်းမှာ ငါ အကြောင်သား ရပ်နေမိ တယ် ။ ကျောလယ်ထိရှည်တဲ့ ငါ့ဆံပင်ညိုညိုတွေက ပြေလျော့ပြီး ရှုပ်ပွလို့ ။ ငါ့ကျောပေါ်မှာ အိတ်တစ်လုံးက်ို လွယ်ထားတယ်။ အဲ့ဒီအိတ်ထဲမှာ အရေးပေါ်သုံးလို့ရတဲ့ ဆေးဝါးတွေ… ရွှေချောင်းအနည်းငယ် နဲ့ ငါ့ကိုယ်ပိုင် ခရီးသွားလာခွင့်ကဒ်ပြားတွေ ပါတယ် ။
       ငါ့ရင်ဘတ်မှာ တဝါးဝါးအော်ငိုနေတဲ့ လသားအရွယ် ကလေးတစ်ယောက်ကို သိုင်းလွယ်ထားတယ် ။ ငါ့ ခြေသလုံးကို တဖက်တချက်က ဖက်ထားတဲ့ ခြောက်နှစ်သားအမွှာလေး နှစ်ယောက်က မျက်ရည်အဝဲသားနဲ့ ငါ့ကို မော့ကြည့်လာတယ် ။

"မေမေ… သား ကြောက်တယ်…… "

မေမေ တဲ့…… ။

      ငါနဲ့ မအပ်စပ်တဲ့ အခေါ်အဝေါ်တစ်ခုကြောင့်ထင်ရဲ့ ။မီးတောက်တွေရဲ့ အပူရှိန်ကြားမှာတောင် ငါ့ကျောရိုးတလျောက်က စိမ့်ကနဲ အေးသွားတယ် ။
      မေမေ ဆိုတာ သိပ်မြင့်မြတ်တဲ့ ရာထူးတစ်ခုပဲ ။ ကိုယ့်ရင်က ဖြစ်တဲ့ သန္ဓေသားကို ဝမ်းထဲမှာ ကိုးလတိတိ လွယ်ရတယ် ။ ရင်သွေးကို နာကျင်ခက်ခဲစွာမွေးဖွားရတယ်။ ကိုယ့်သွေးကဖြစ်တဲ့ နို့ရည်တွေကို တိုက်ကျွေးရတယ် ။ မျက်ရည်စက်တွေ ချွေးတွေနဲ့ ရင်းပြီး တသက်တာ ပြုစုစောင့်ရှောက်ပေး ရတယ်။
      ဒီကလေးတွေ ငါ့ကို မေမေလို့ မခေါ်သင့်ဘူး ။ ငါမှ သူတို့ကို မလွယ်ခဲ့ရတာပဲ … ။  ငါ့ရင်ဘတ်ပေါ်က ကလေးငယ်ကို ငါ ငုံ့ကြည့်လိုက်တယ် ။ သူလေးဟာလည်း ငါ့ဝမ်းထဲက မွေးထုတ်ထားတဲ့ ငါ့ရင်သွေးမဟုတ်လေဘူး ။
ငါဟာ ရင်သွေးလွယ်နိုင်တဲ့ မိန်းမတယောက် ဒါမှမဟုတ် ထူးခြားတဲ့ ကိုယ်ခန္ဓာရှိတဲ့ တတိယလိင်ပိုင်ဆိုင်သူ ကော(Ger) တစ်ယောက် မဟုတ်ဘူး ။
      ငါ့မှာ လှပတဲ့အညိုရောင် ဆံပင်ရှည်တွေ ရှိတယ် ။  သေးသွယ်တဲ့ ကိုယ်ခန္ဓာရှိတယ် ။ ဒါပေမယ့် ငါဟာ ယောက်ျားလေးတစ်ယောက် ။ သိပ်မကျန်းမာပေမယ့် ငါ့ခြေထောက်ပေါ်ငါ ရပ်တည်နိုင်တဲ့ ယောက်ျားလေးတယောက်…… ။
     ဒါပေမယ့်လည်း ……… ။

PHOENIX |[ completed ]|Where stories live. Discover now